မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်တစ်ဦး ထောင်ထဲတွင် ရုတ်တရက်သေဆုံး

မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်တစ်ဦး ထောင်ထဲတွင် ရုတ်တရက်သေဆုံး

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲတွင် ဖမ်ဆီးထိန်းသိမ်းခံနေရသော မြန်မာစစ်ဘေးရှောင်တစ်ဦးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ်ရှိ ဦး Lamkhochon Guite ဖြစ်ပြီး ၎င်းသည် တမူးမြို့နယ် ကွန်းတောင်းအုပ်စု၊ ဆရာစံကျေးရွာမှ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ် လန်ကျန်ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လာစဉ် ဖမ်းဆီးခံရ၍ အင်ဖားမြို့ Sajiwa ထောင်တွင် အခြားသော မြန်မာစစ်ဘေးရှောင် ၈၀ ကျော်နှင့်အတူ ထိန်းသိမ်းခံနေရသူဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Burma Refugee Kabaw Valley မှ နာယက ဦးထန်ဆေးက ပြောသည်။

နှလုံးရောဂါအခံရှိတာလား ဘာလားတော့ မသိဘူး၊ ရုတ်တရက်ကြီး အော်ပြီးတော့မှ လူးလိမ့်ပြီးတော့မှ၊ ကြည့်လိုက်တော့ နှလုံးရပ်သွားတယ်၊ ထိန်းသိမ်းရေးစခန်းမှာလည်း သိပ်အဆင်မပြေဘူး။ နေရေးထိုင်ရေးခက်ခဲတယ်။ နောက်ပြီးတော့မှ စားဝတ်နေရေး၊ အစားသောက်ကအစ အခက်ခဲတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူး ဟု ဦးထန်ဆေးက ပြောသည်။

ထို့အပြင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၃ ဦးတို့မှာလည်း ကျန်းမာရေးအခြေနေမကောင်းသောကြောင့် အင်ဖားဆေးရုံသို့ ပို့ဆောင်ကာ

ကုသမှုခံယူနေရသည်ဟု သိရသည်။

"အဲ့မှာ အသက်ကြီးတဲ့ ၇၀ ကျော်သုံးယောက်ကိုလည်းပဲ ဆေးရုံကို သွားပြီးတော့မှ ဆေးကုသဖို့ပို့လိုက်တယ်လို့ကြားတယ်၊ ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန်မကုပေးဘူး၊ အဲ့လိုနဲ့ ထိန်းသိမ်းရေးစခန်းကို ပြန်ပို့တယ်။ ဒီ မဏိပူရ်အစိုးရရဲ့ လုပ်ရပ်တွေက လူ့အခွင့်ရေး မတရား ထိခိုက်လွန်းအားကြီးပြီးတော့မှ၊ လူသားချင်း စာနာမှုကင်းမဲ့တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အခါကြတော့ ဒီဟာတွေ ဒီအတိုင်းဆက်ထားမယ်ဆိုလို့ရှိရင် ကျန်တဲ့လူတွေရဲ့ ကျန်းမှာရေးပါ စိုးရိမ်စရာရှိတယ် ဟု ဦးထန်ဆေးက ပြောသည်။

မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃၉၃ ဦးရှိပြီး တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ၁၀၇ ဦးကို တရားရေးရာစစ်ဆေးမှုများပြုလုပ်ကာ ၁၀၅ ဦးကို ထိန်းသိမ်းရေးစင်တာများတွင် ထိန်းသိမ်းထားပြီး ၁၈၀ ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီဖြစ်ကြောင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...