ချီဖွေမြို့ဘောလုံးကွင်းအောက်ဘက် မေခမြစ်ကမ်းအနီး ရွှေတူးဖော်နေမှုအား ဖယ်ရှားပေးရန် ဒေသခံများတောင်းဆို

ချီဖွေမြို့ဘောလုံးကွင်းအောက်ဘက် မေခမြစ်ကမ်းအနီး ရွှေတူးဖော်နေမှုအား ဖယ်ရှားပေးရန် ဒေသခံများတောင်းဆို

ကချင်ပြည်နယ်၊ချီဖွေမြို့ဘောလုံးကွင်းအောက်ဘက် မေခမြစ်ကမ်းအနီး ရွှေတူးနေတဲ့အတွက် မြေပြိုကျမှာ စိုးရိမ်တာကြောင့် အမြန်ဆုံးဖယ်ရှားပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး အဲဒီနေရာမှာ နေ့၊ ညမနားဘဲ စက်ယန္တရားကြီးတွေ အသုံးပြုပြီးတော့ ရွှေတူးဖော်နေကြတာဖြစ်ပြီး အမြန်ဆုံးဖယ်ရှားပေးဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အဲဒီမှာတူးရင် ကျွန်တော်တို့မြေတွေက တောက်လျှောက် မြေပိုပြိုလာမှာပဲ။ အစကတည်းက မြေထိန်းနံရံမရှိလို့ မြေတွေပြိုနေတယ်ဆိုမှ ပြန်တူးနေတာဆိုတော့ ရေကြီးရင်တော့ ပိုပြီးဆိုးလာ မလာဆိုတာတွေကိုတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။”လို့ ဒေသခံအမျိုးသားက ဆိုပါတယ်။

ချီဖွေမြို့ဟာ မေခမြစ်အနီးမှာ တည်ထားတဲ့မြို့ဖြစ်ပြီး မြို့မြေဧရိယာနည်းတာကြောင့် မြေပြိုကျတဲ့အထဲ ပါသွားမှာကို စိုးရိမ်တဲ့အတွက် အမြန်ဆုံးဖယ်ရှာပေးဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“မြို့ ရေကြီးလာရင် ၊ ရေလမ်းကြောင်းတွေ လွဲသွားရင် မြေပြိုလာလိမ့်မယ်။ အခုဆိုသူတို့က ဘက်ဟိုးတွေ ဆယ်ဘီးကားတွေနဲ့ နေ့၊ ည တူးနေတဲ့အတွက် အဲဒါကို စိုးရိမ်နေတာဟုတ်တယ်။”လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်းပေါ်က တူးယူထားတဲ့ မြေစာတွေကိုလည်း မြစ်အလယ်ကို သွန်ချလိုက်တဲ့အတွက် မိုးရာသီရောက်ခဲ့ရင် ရေလမ်းကြောင်းပြောင်းသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မြို့ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး နေရာရွှေ့ပြောင်းပေးဖို့နဲ့ အဲဒီနေရာမှာ မတူးဖော်ကြဖို့အတွက် စစ်ကောင်စီထံ သွားရောက်တောင်းဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မြို့အထက်နားမှာတူးနေတဲ့ ရွှေလုပ်ကွက်တစ်ခုကလည်း မြို့ရှိရာကို ဆင်းပြီးတူးနေတာကြောင့် ကမ်းပါးတွေ မပျက်စီးလာခင် အမြန်ဆုံး အဲဒီရွှေလုပ်ကွက်တွေကို တားဆီးဖို့ လိုအပ်နေတာကြောင့် ဒေသခံပြည်သူတွေ ကန့်ကွက်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...