မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၄၀ ဦး ဖမ်းမိ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၄၀ ဦး ဖမ်းမိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းကအထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို အာဏာသိမ်း စစ်ကောင်စီပူးပေါင်းအဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဝဲကလိကျေးရွာတောင်ဘက်ခြမ်းရှိ ဓနိတောအစပ်တနေရာတွင် ရိုဟင်ဂျာလူမျိုးများ ပုန်းခိုနေကြောင်း သတင်းအရ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ်၊ ရွာသားတွေပဲ သတင်းပေးလိုက်တာ၊ သူတို့က စက်လှေနဲ့ ရောက်လာပြီး ဘာလုပ်နေမှန်းမသိလို့ ဒေသခံတွေက အုပ်ချုပ်ရေးအဖွဲ့တွေကို သတင်းပေးလိုက်တာလို့ သိရတယ်။ သိရသလောက်က သူတို့ အိမ်နီးချင်းထိုင်းဘက်ကို ပြန်ထွက်ဖို့ ကားစောင့် နေတာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၄၀ ဦးတွင် ကျား ၂၅ ဦး၊ မ ၁၂ ဦးနှင့် ကလေး ၃ ဦး ပါဝင်ပြီး မြန်မာစကား ကောင်းမွန်စွာ မပြောတတ်ကြဘူးလို့လည်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှဖြစ်ပြီး ပွဲစားဖြင့် မွန်ပြည်နယ်မှတဆင့်ထိုင်းနိုင်ငံ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ သွားရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဖမ်းမိ ရိုဟင်ဂျာများကို သံဖြူဇရပ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေသည်ဟု ဝဲကလိကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

“အခုသူတို့ကို ရဲစခန်းမှာချုပ်ထားတယ်၊ စစ်ဆေးနေတယ်လို့ ပြောတယ်၊ အားလုံက ထိုင်းဘက်ကို ကူးဖို့ စောင့်နေတာလို့လည်း သူတို့ပြောတယ်။ ရခိုင်ပြည်နယ်က လာတာလို့လည်း ပြောတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း မုဒုံမြို့နယ်နှင့် မော်လမြိုင်တို့တွင် ရေကြောင်းလမ်းကနေ ရောက်ရှိလာသည့် ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သေးသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိနေသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...