ဖားကန့်မြို့အတွင်းက စက်သုံးဆီဆိုင်အများစု ပိတ်ထားခြင်းကြောင့် ပြည်သူများ သွားရေးလာရေး အခက်ကြုံ

ဖားကန့်မြို့အတွင်းက စက်သုံးဆီဆိုင်အများစု ပိတ်ထားခြင်းကြောင့် ပြည်သူများ သွားရေးလာရေး အခက်ကြုံ
နန့်ယားလမ်းပေါ်က စက်သုံးဆီသယ်ယာဉ်တစ်စီး
နန့်ယားလမ်းပေါ်က စက်သုံးဆီသယ်ယာဉ်တစ်စီး

စက်သုံးဆီသယ်ယူခွင့် ကန့်သတ်မှုများကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းက စက်သုံးဆီ အရောင်းဆိုင် ထက်ဝက်ကျော်လောက် ပိတ်ထားရပြီး ပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့အတွင်း စက်သုံးဆီ ပြတ်လပ်လာတာဟာ မြစ်ကြီးနား- ဖားကန့်သွားလမ်းပေါ်က စစ်ကောင်စီရဲ့ နမ့်ယားဂိတ်ကနေ စက်သုံးဆီ သယ်ကား၊ ဆန်သယ်ကားတွေကို လွန်ခဲ့တဲ့ ရက်(၂၀)လောက်ကနေ ပြန်ခေါက် ခိုင်းနေတဲ့အတွက် ဖြစ်တယ်လို့ ဖားကန့် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အထက်ပါအခြေအနေကြောင့် မြို့တွင်းစက်သုံးဆီဆိုင် ထက်ဝက်ကျော်လောက်ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ပိတ်ထားတဲ့အတွက် ဈေးရောင်းသူတွေသာမက ဝမ်းရေးအတွက် နေ့စဉ် လှုပ်ရှားသွားလာနေတဲ့ ပြည်သူ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆိုင်းတောင်ရပ်ကွက်အတွင်း လျှပ်စစ်မီးကိုလည်း မနက် (၉)နာရီကနေ (၁၁)နာရီအထိ တစ်ကြိမ်၊ ညနေ(၃)နာရီကနေ (၅)နာရီအထိ တစ်ကြိမ်နဲ့ ည(၉)နာရီကနေ မနက်(၆)အထိတစ်ကြိမ် ပေးနေတဲ့ကြားက အခုလို ဓာတ်ဆီပါ ပြတ်လပ်လာတဲ့အတွက် ဈေးရောင်းသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုင်းတောင် ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ပုံမှန် သုံးထောင်ရောင်းတဲ့ ပုလင်းတွေ လေးထောင်တွေ ရောင်းကုန်ပြီ။ တချို့ဆိုင်တွေဆို ဆီမရှိတော့ဘူးတဲ့။ ဈေးရောင်းတဲ့ သူတွေက ခက်လာမှာပေါ့”လို့ ဆိုပါတယ်။

လက်ရှိ ဖားကန့်မြို့အတွင်း ဓာတ်ဆီ တစ်လီတာကို ၅,၀၀၀ ကျပ်၊ တစ်ဂါလံ ၁၇,၀၀၀ ကျပ်နဲ့ တစ်ပေပါကို (၈)သိန်းခွဲလောက် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ဆီအရောင်းဆိုင် အချို့ကတော့ မနက်(၇)နာရီကနေ (၁၀)နာရီအထိ ရောင်းပေးတာတွေ ရှိပေမယ့် ဆိုင်အများစုကတော့ ပိတ်ကုန်ပြီလို့ ဆိုပါတယ်။

အခုလို စက်သုံးဆီရရှိမှု ခက်ခဲလာတဲ့အတွက် ပရဟိတ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ လူမှုရေးအသင်းတစ်ခုမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“နှောင့်နှေးမှုတော့ ဖြစ်တယ်။ ဆီအခက်အခဲ ဖြစ်လို့လေ။ ဆီက ဘယ်သွားထည့်လို့ ထည့်ရမှန်း မသိဘူး။ အဲဒီလို ဖြစ်တာပေါ့။ ပြည်သူတွေလည်း ခက်တယ်။ ကျွန်တော်တို့ အသင်းတွေလည်း ခက်တယ်။ လမ်းတွေ ဖွင့်စေချင်တယ်။ ပြည်သူတွေလည်း အခက်အခဲ မရှိအောင်။ ကျွန်တော့်တို့ အသင်းတွေအနေနဲ့လည်း အခက်အခဲမဖြစ်အောင် အဆင်ပြေစေချင်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာနဲ့ ဖားကန့်ဒေသ ဝှေခါကျေးရွာကို ဆက်သွယ်ထားတဲ့လမ်းက စစ်ကောင်စီဂိတ်ကနေ ကားတွေကို မှော်တက်ခွင့်ပိတ်ပင်ထားတာ နှစ်ပတ်ကျော်လောက် ရှိနေပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...