ဘန်ကောက်ကျေးရွာအနီးတစ်ဝိုက် လုပ်ငန်းရှင်အချို့နှင့် ရှဒူးဇွပ်ပြည်သူ့စစ် ပူးပေါင်းပြီး ရွှေတူးဖော်မှုများ လုပ်ကိုင်နေဟု ဒေသခံများပြော

ဘန်ကောက်ကျေးရွာအနီးတစ်ဝိုက် လုပ်ငန်းရှင်အချို့နှင့် ရှဒူးဇွပ်ပြည်သူ့စစ် ပူးပေါင်းပြီး ရွှေတူးဖော်မှုများ လုပ်ကိုင်နေဟု ဒေသခံများပြော

ကချင်ပြည်နယ်၊ ဟူးကောင်းလီဒို လမ်းမပေါ်ရှိတဲ့ ဘန်ကောက်ကျေးရွာ အနီးအနားက မြေနေရာတွေမှာ လုပ်ငန်းရှင်အချို့နဲ့ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး ရွှေတူးဖော်မှု တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘန်ကောက်ကျေးရွာအနီးတစ်နေရာ၊ မဒူဇွပ်ကျေးရွာအပြင် မဒူဇွပ်နဲ့ မနားဇွပ်ကျေးရွာကြား စုစုပေါင်း(၃)နေရာမှာ ဘက်ဟိုးတွေနဲ့ မိုးလင်းပေါက် ရွှေတူးဖော်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ရွာအနီးတွေ၊ ယုဇန စက်ရုံ ရှေ့ ဘန်ကောက်ရွာ၊ မိုးကောင်းချောင်းအနီးဘက် ရွှေတူးနေကြတာ။ ဝါရာဇွပ်နဲ့ ဘန်ကောက်ရွာကြား လီဒိုလမ်းရဲ့ အရှေ့ဘက်အခြမ်း တစ်လျှောက်ရော တူးနေကြတာ။ ရွာနဲ့ရော နီးနေတယ်” လို့ ဒေသခံ ဆိုပါတယ်။

လက်ရှိရွှေတူးနေတဲ့ နေရာတွေဟာ ရွာနဲ့အလွန်နီးကပ်နေတာကြောင့် ရေရှည်မှာ ဒေသခံပြည်သူတွေ ခြံလုပ်ဖို့ မြေနေရာတွေ၊ သောက်ရေ/ သုံးရေတွေ ခက်ခဲလာနိုင်တယ်လို့ အထက်ပါ ဒေသခံက ဆက်လက်ဆိုပါတယ်။

“ဘန်ကောက် ရွာဘက်တောင် ရောက်လာပြီ။ အခုလို ရွာအနီးမှာ ရွှေတူးလာတော့ ခြံလုပ်ဖို့အတွက် ပျက်စီးလာတယ်။ ရေနောက်တာတွေ ပိုဆိုးလာတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိ မြေနေရာတွေကို ဘက်ဟိုးနဲ့ ကုပ်ယူပြီးနောက် ကားနဲ့တစ်ဆင့် ရွှေမျှောတဲ့စင်အထိ သယ်ပြီးတော့ ရွှေမျှောယူနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရွှေတူးဖော်နေသူတွေကို ရှဒူးဇွပ် ပြည်သူ့စစ်ကနေ ခွင့်ပြုပေးပြီး ပူးပေါင်းလုပ်ဆောင်နေတဲ့ ပုံစံဖြစ်နေတယ်လို့လည်း ပြောဆိုနေကြပါတယ်။

နောက်ထပ် ရှဒူးဇွပ်ကျေးရွာဒေသခံ တစ်ဦးကလည်း “ဝါရာဇွပ်ဘက်ကနေလည်း တက်လာတယ်။ ကုမ္ပဏီ ဖောက်ထားတဲ့ လမ်းလည်းဆုံ အဲဒီက အရှေ့ဘက်မှာ နေ့၊ ည တူးနေကြတယ်ပြောတယ်။ အရမ်းတူးနေကြတယ်တဲ့”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းလောက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်ရင်း(၁၄)ကနေ ကနွယ်ဒူမှော်၊ ကိုင်းတော၊ ငါးဂမ်၊ ဂျာဝမ်၊ မိုးကောင်းချောင်းတစ်လျှောက် စတဲ့နေရာတွေမှာ ရွှေတူးဖော်နေသူတွေကို ထွက်သွားဖို့ ပြောကြားထားတာတွေလည်း ရှိခဲ့ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...