ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ထီးကပလယ်ကျေးရွာရှိ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကို ဖေဖော်ဝါရီလ(၉)ရက် ည(၈)နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO တပ်ရင်း(၈) တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောသည်။

စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသော ထိုဒေသတွင် စစ်ကောင်စီတပ်ဘက်မှ ထီးကပလယ်ကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချသွားခဲ့ခြင်းဖြစ်သည်ဟု ဒုဗိုလ်မှူးကြီးစောအယ်မြထူးက ယခုလိုပြောသည်။

“မနက်(၅)နာရီဝန်းကျင်မှာ စစ်ကောင်စီက ကင်းထောက်လေယာဉ်တစ်စင်းလာတယ်။ ပြီးတော့ ည(၈)နာရီမှာ တိုက်လေယာဉ်လာပြီးတော့ဗုံံး(၂)လုံးလာကြဲသွားတယ်။ ဘုရားကျောင်းကတော့ တော်တော် ပျက်စီးသွားတယ်။ ရွာသားတွေတော့ အထိအခိုက်မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသော ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့တောင်ပိုင်းရှိ ကော့ကရိတ်မြို့နယ် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို အရပ်သားများ အပါအဝင် အခြားလက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဖြတ်သန်းသွားခြင်းမပြုရန် (KNDO) အမှတ်(၈) တပ်ရင်းက ဖေဖော်ဝါရီလ(၈)ရက်နေ့စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်အလားတူ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ပေးကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းကိုလည်း ဇန်နဝါရီလ(၁၃)ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်သောကြောင့် အသင်းအုပ်ဆရာတော်တစ်ပါးအပါအဝင် ဒေသခံရွာသား ၅ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...