ပဋိပက္ခတွေကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားတာဟာ သွေးချောင်းစီးနိုင်တယ်လို့ မွန်ပြည်သစ်ထုတ်ပြန်

ပဋိပက္ခတွေကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားတာဟာ သွေးချောင်းစီးနိုင်တယ်လို့ မွန်ပြည်သစ်ထုတ်ပြန်

တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးနည်းလမ်းနဲ့ အဖြေမရှာ၊မဖြေရှင်းနိုင် သေးဘဲ ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ကြိုးစားတာဟာ ရလဒ်ကောင်းတစ်ခု ရရှိမှာမဟုတ် တဲ့ အပြင် သွေးချောင်းစီးမယ့် ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထား ပါတယ်။

ဒီနေ့ဖေဖော်ဝါရီ(၅) ရက်နေ့မှာ ကျရောက်တဲ့ (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရဟန်းသံဃာ မွန်လူထုတွေကို ကြေညာချက် ထုတ်ပြန်တဲ့ထဲမှာ ဖော်ပြထားတာပါ။

အာဏာသိမ်းစစ်ကောင်စီဖိတ်ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်နေပေမယ့် စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေအပေါ် ရပ်တည်နေတဲ့အတွက် အမျိုးသားအခွင့်အရေး မျှော်လင့်ဖို့ မလွယ်ကူဘူးလို့ ဆိုထားပါတယ်။

လက်ရှိနိုင်ငံရေးပြဿနာဟာ အခြေအနေသစ်တစ်ရပ်မှာ ပြောင်းလဲကူးပြောင်းနေပြီး သက်ဆိုင် သူ (Stakeholders) တွေလည်း နိုင်ငံတဝန်း ထွက်ပေါ်လာနေတာကြောင့် အာဏာရသူအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ ဖိတ်ခေါ်ဆွေးနွေးနေတာ မလုံလောက်ဘူးလို့ ဆိုထားတာပါ။

ဒါ့အပြင် တိုင်ပြည်ကို အမှန်တကယ်ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိရင် စိတ်သဘောထား ပြည့်ပြည့် ဝဝ နဲ့ ပေါ်ထွက်လာနေတဲ့ အဖွဲ့အစည်းအသစ်တွေကို ဖိတ်ခေါ်ဆွေးနွေးသင့်တယ်လို့ မွန်ပြည်သစ် ပါတီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ခိုင်ခိုင်မာမာရပ်တည်နေပြီး အဲဒီ လမ်းစဉ်ကို မထိခိုက်ရင် အာဏာရအစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်း သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အမြဲပိုင်းခြားသုံးသပ်ပြီး အနာဂတ် အတွက် လူမျိုးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနိုင်ဖို့ ဦးဆောင်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက်(၅) ချက်အပေါ်ရပ်တည်နေကြတဲ့ အတွက် တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ နှစ်ဘက်လက်ခံနိုင်ရေး အကောင်အထည်ဖော်သွားဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...