ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတူတိုက်ပွဲဝင်သွားကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ တိုက်တွန်း

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတူတိုက်ပွဲဝင်သွားကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ တိုက်တွန်း

စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် ဟူသမျှတိုက်ဖျက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မွန်လူမျိုးများအနေဖြင့် အတူလက်တွဲပြီး တိုက်ပွဲဝင်သွားကြရန် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မီတီ (Mon State Interim Coordinating Committee - MSICC) မှ တိုးချဲ့ပြောင်းလဲ ဖွဲ့ စည်းလိုက်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council-MSFC) မှ တိုက်တွန်းလိုက်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ်ညီလာခံအပြီးတွင် ကြေငြာချက်ထုတ်ပြီး ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် အခြားတိုင်းရင်းသားအင်အားစု၊ ဒီမိုကရေးစီအင်အားစု၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် တတပ်တအား ပါဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာနိုင်ဖို့အတွက် ပြည်နယ်အသီးသီးမှာရှိတဲ့ ဖက်ဒရယ်ယူနစ်က ပြည်နယ်အစိုးရ အားကောင်းတောင့်တင်းမှ ရနိုင်မယ်၊ ဖက်ဒရယ်ယူနစ်ပြည်နယ်တွေမှာ ဖက်ဒရယ်ကို ကျင့်သုံးမှု အားနည်းနေခဲ့မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ကရင်နီပြည်အနေနဲ့ အာဏာသိမ်းပြီးကတည်းက ပြည်သူလူထုတွေက ကိုယ်ထူကိုယ်ထ ဒေသန္တရအုပ်ချုပ်ရေး ဟူ၍ ကျေးရွာတိုင်းတွင် ဆိုင်းဘုတ်တင်ပြီး လုပ်ဆောင်နေကြတာ ကရင်နီပြည်မှာ အများကြီးရှိပါတယ်။ မွန်ပြည်မှာလည်း ကိုယ်ထူကိုယ်ထ ဒေသန္တရအုပ်ချုပ်ရေး လုပ်ဆောင်နေတဲ့ ကျေးရွာအများအပြား ရှိတယ်လို့ ယုံကြည်ပါတယ်။ စကစရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တဲ့ ဒေသတွေအများအပြား ရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဟာ အရမ်းအရေးကြီးပြီးတော့ စကစရဲ့အုပ်ချုပ်မှုမရှိတော့တဲ့ ဒေသတွေမှာ လက်တွေ့ကျကျ ပြောင်မြောက်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြသဖို့လိုပါတယ်”ဟု ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council - KSCC) မှ ဆရာမ အယ်ဗာလင်းက ပြောသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် (MSFC) သည် မွန်ပြည်နယ်နှင့် မွန်လူမျိုးများကို ကိုယ်စားပြုပြီး စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးတိုက်ပွဲတွင် ပါဝင်ခဲ့သည့် မွန်ပြည်ကြားကာလပူး ပေါင်းဆောင်ရွက်ရေးကော်မတီ (Mon State Interim Coordination Committee-MSICC) ကနေအသွင်ကူးပြောင်းလဲဖွဲ့စည်းလိုက်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှကို တိုက်ဖျက်ရန်အတွက် MSICC ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ အင်အားတောင့်တင်းခိုင်မာသည့် မွန်ပြည်(နယ်) ပြည်နယ်သူ/သားများနှင့် မွန်လူမျိုးတို့အား ကိုယ်စားပြုသော ပြည်နယ်ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းတရပ် လိုအပ်နေသည့်အတွက် MSICC မှ MSFC အဖြစ် အသွင်ကူးပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

MSFC ညီလာခံတွင် MSFC ဖွဲ့စည်းပုံအခြေခံဥပဒေအပြင်၊ မွန်ပြည် (နယ်) အတွင်း ကျင့်သုံးရမည့် အာဏာသုံးရပ်နှင့် ဆက်စပ်သည့် ကြားကာလအစီအမံစာတမ်းများကို အတည်ပြုနိုင်ခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကို တက်ရောက်လာသည့် အစုအဖွဲ့ များ၊ တသီးပုဂ္ဂလိက ကိုယ်စားလှယ်များ၏ ရွေးချယ်တင်မြောက်သည့် ကောင်စီဝင် (၂၅) ဦးဖြင့် စတင်ဖွဲ့ စည်းနိုင်ခဲ့သည်။

တော်လှန်ရေးကာလ/ကြားကာလတွင် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မွန်ပြည်(နယ်) မှ အင်အားစုများကို စုစည်းသွားနိုင်ရန်၊ တော်လှန်ရေး အင်အားစုများအားလုံး အာဏာရှင် တိုက်ဖျက်ရေးတွင် ပါဝင်လာရေး စုစည်းဆောင်ရွက်သွားရန်နှင့် မွန်ပြည်ဖက်ဒရယ် ကောင်စီမှ ပြည်နယ်ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာ(၃)ရပ် ကျင့်သုံးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဆိုသည့် ရှေ့ဆက်လုပ်ငန်းများ ချမှတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...