မတူပီတိုက်ပွဲ စစ်ကောင်စီဘက် ၈ ယောက်သေဆုံး

မတူပီတိုက်ပွဲ စစ်ကောင်စီဘက် ၈ ယောက်သေဆုံး

မတူပီမြို့နယ် ငလိုင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၃ ရက်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဟားခါး-မတူပီကားလမ်းမပေါ်ရှိ CDF-Matupi တပ်ရင်း (၂) ထိန်းချုပ်နယ်မြေတွင် ဇန်နဝါရီလ ၂၃ရက်နေ့ ညနေပိုင်း ၂ နာရီမှ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု CDF- Matupi ပြန်ကြားရေးတာဝန်ခံ အာရွန်က ပြောသည်။

“ သူတို့ဘက်ကတော့ လက်နက်ခဲယမ်းကအစ သာလွန်တဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် ချက်ချင်းဆိုသလိုပေါ့ ရှိသမျှ လက်နက်ခဲယမ်းနဲ့၊ လက်နက်ကြီးတွေနဲ့ တောက်လျှေက် ပြန်ပြီးတော့ ခုခံတယ်၊ ကျွန်တော်ဘက်ကတော့ ဒီ Operation ပြီးတာနဲ့ ပြန်ဆုတ်ခွာလာရတယ်” ဟု အာရွန်ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် ငလိုင်ကျေးရွာနှင့် ခရိုင်ရုံးအကြားတွင်တစ်ကြိမ်၊ ခရိုင်ရုံး အိုးအိမ်ကုန်းထိပ်တွင်တစ်ကြိမ်၊ ဖနိုင်ဘုန်းကြီး ကျောင်းတွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များဖြစ်ကြသော CDF-Matupi၊ CDF-Mara နှင့် CDF-Zotung ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်ကြသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ငလိုင်ကျေးရွာအနီးရှိ CDF-Matupi ရှေ့တန်းစခန်းကို အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သောကြောင့် တိုပ်ပွဲဖြစ်ခဲ့ကြရာ CDF-Matupi မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည် အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်းခန့် လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု CDF-Matupi က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မတူပီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာနေပြီး မိဘပြည်သူများအနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီကြရန် CDF-Matupi တပ်ဖွဲ့က တောင်းဆိုထားသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...