မူဆယ် လောင်းကစားရုံ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲ

မူဆယ် လောင်းကစားရုံ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် (၁) လမ်းတွင် ဖွင့်လှစ်နေသော လောင်းကစားရုံ တစ်ခု၌ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၉) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော် (၁) လမ်းရှိ လောင်းကစားရုံ၌ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၇ နာရီခွဲဖို့ ၃ မိနစ်လောက်အလိုမှာ ဗုံးတစ်လုံးကွဲတယ်၊ နောက် ၄ – ၅ မိနစ်လောက်ခြားပြီး နောက်ထပ် ၁ လုံး ထပ်ပေါက်ကွဲတယ်၊ ရှေ့က ပေါက်တဲ့ တစ်လုံးကတော့ အသံအကျယ်ကြီးပဲ၊ ဒုတိယ တစ်လုံးကတော့ အသံ သိပ်မကျယ်ဘူး” ဟု မူဆယ်မြို့နေ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းဗုံး ၂ လုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရကြောင်း နှင့် ထိခိုက်ပျက်စီးမှု များကိုလည်း မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်သည် TNLA တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၊ မူဆယ် PDF တို့ လှုပ်ရှားနေပြီး မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...