ထားဝယ် ဝကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

ထားဝယ် ဝကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲ မရှိဘဲ အကြောင်းမဲ့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဝကုန်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မီးမရှို့ခင် နေအိမ်အတွင်းရှိ တန်းဖိုရှိ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဝကုန်းကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေပြီး အများစုက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးနေရတယ်လို့ ဒေသ PDF က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က သင်္ကန်းတုန်းနဲ့ဝကုန်းကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီးနောက် ဝကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေတာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ တနင်္သာရီတိုင်းထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်အထိ နေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့အထဲ ပုလောမြို့နယ်မှာ အရပ်သား ပြည်သူနေအိမ် စုစုပေါင်း ၁၁၅ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံ နေအိမ်တွေကိုတော့ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...