စစ်ကိုင်းတိုင်း ရေဦးတွင် ကျေးရွာ ၁၉ရွာ မီးရှို့ဖျက်ဆီးခံရသဖြင့် မီးဘေးသင့်ပြည်သူ ၆ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း ရေဦးတွင် ကျေးရွာ ၁၉ရွာ မီးရှို့ဖျက်ဆီးခံရသဖြင့် မီးဘေးသင့်ပြည်သူ ၆ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့၏ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ၁၉ ခုမှ နေအိမ်မီးရှို့ခံရသည့် မြင်ကွင်း
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့၏ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ၁၉ ခုမှ နေအိမ်မီးရှို့ခံရသည့် မြင်ကွင်း

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် တောင်ဘက် နှင့်အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၉ ရွာအား စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှစကာ စစ်အင်အား ၁၅၀  ဝန်းကျင်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရေဦးတောင်ဘက်ခြမ်းမှ‌ ရွာ ၃ ရွာအားစတင်မီးရှို့ခဲ့ရာ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ တစ်ပတ်အတွင်း ရွာပေါင်း ၁၉ ရွာအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မီးဘေးသင့်ပြည်သူ ၆၀၀၀ ဝန်းကျင်ထိရှိလာကြောင်းစစ်ရှောင်ကူညီသူ ၁ ဦးက ဆိုသည်။

“ဒီကောင်တွေက အင်အား ၁၅၀ လောက်ပါတယ်ဗျ။ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစလို့ ရေဦးနယ်တောင်ဘက်ခြမ်းက စဝင်လာတာ အနောက်ခြမ်းအထိပေါ့။ ကျေးရွာပေါင်းကတော့ မနေ့ကအထိ ၁၉ ရွာအထိ မီးရှို့ခံထားရပါတယ်။ တောင်ဘက်ခြမ်းက ၃ ရွာ ကျန်တာတွေကတော့ အနောက်ခြမ်းကချည်းပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မီးရှို့ခံလိုက်ရသည့် ကျေးရွာများမှာ ရှာမိဿာရှာရွာ၊မုတ်စီရွာ၊ ချမ်းသာရွာ၊ ကုန်းသာရွာ၊ ရွာသစ်ရွာ၊ထန်းပင်ကုန်းရွာ၊ဆည်ကြီးရွာ၊ ပေါက်သာရွာ၊ ဇိန့်ဇွန်းရွာ၊ ပိဋိကက်ကျရွာ၊ ဇဝရှာ၊ ဝက်ဖိုးရွာ၊ ငှက်ပျောတောရွာ၊ တောင်ကုန်းရွာ၊ ချောင်းဆုံရွာ၊ သရက်ကန်ရွာ၊ မိုးဒေါင်ရွာ၊ ကွမ်းအုံရွာ၊ ညောင်ပင်သာရွာ တို့ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ကျေးရွာများအားမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ မော်လိုက် အခြေစိုက်တပ်ရင်း ခမရ–၃၆၄ နှင့် မှော်ဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ–၇၀၁ တပ်ရင်း၂ခု ပူးပါင်းတပ်ဖွဲ့ဖြစ်ကာ ရေဦးနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နယ်မြေရှင်းလင်းရေးဆိုသည့် ခေါင်းစဥ်ဖြင့် ရွာစဥ် မီးပတ်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီ ၁၉ ရွာထဲက ခရစ်ယာန်အများစုနေထိုင်တဲ့ ရေဦးအနောက်ခြမ်းက အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ချမ်းသာကျေးရွာက တတိယအကြိမ် မီးရှို့ခံခဲ့ရပါတယ်။ ရွာလုံးကျွတ်နီးပါး ပါသွားပြီလို့ သိရပါတယ်။ ချမ်းသာကျေးရွာက ပြည်သူအမျိုးသား တစ်ယောက်ကိုလည်း ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါသေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရေဦးမြို့နယ်ရှိ ကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ရက်နေ့မှ စတင်ကာ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် ခင်ဦးမြို့နယ်က ကျေးရွာ ၁၂ ရွာကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Data for Myanmar၏ ဖော်ပြချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရသည့်နေအိမ်ပေါင်း ၂၇၄၉၆ အိမ်အထိရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ဘေးရှောင်ကူညီလိုသူနှင့် မီးဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းလိုပါက ဖုန်းနံပါတ် +959775668233 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူများကပြောသည်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...