ကန့်ဘလူနယ်တွင် ၆ တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ကန့်ဘလူနယ်တွင် ၆ တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဇီးပင်သာကျေးရွာတွင် ခြောက်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ထန်းကုန်းကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့သည် ဇီးပင်သာကျေးရွာဘက်သို့ လက်နက်များပစ်ခတ်ကာ ဝင်ရောက်စီးနင်းလာခဲ့ပြီး ကလေးငယ်တစ်ဦးအား အကြောင်းမဲ့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“သူတို့ဝင်လာတာ ည ၈ နာရီခွဲလောက်မှာ လက်နက်တွေပစ်ခတ်ပြီး ဝင်လာကြတာဟုတ်တယ်။ သူတို့ဝင်လာတဲ့ခါမှာ တွေ့သမျှအကုန်ပစ်တာ အဲ့မှာ တန်းကျောင်းသားကို ပစ်သတ်သွားတယ်။ ဘယ်လိုပုံစံနဲ့ ပစ်သတ်သွားတယ်ဆိုတာကိုတော့ မတွေ့လိုက်ရဘူး။ ဒါပေမယ့် ပစ်သတ်သွားတာက အတည်ပြုပါတယ်”ဟုပြောသည်။

စစ်ကောင်စီအဖွဲ့ ပစ်သတ်သွားသည့် ၆ တန်းကျောင်းသားသည် ဇီးပင်သာကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်သုတဇော်ခေါ်သူဖြစ်သည်။

ဇီးပင်သာကျေးရွာတွင်  ကလေးငယ်တစ်ဦး ပစ်သတ်ခံထားရသည့်အပြင်  လူနေအိမ် ၃ လုံးထက်မနည်းကိုလည်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားသည်ဟု သတင်းအရင်းအမြစ်က ယခုလိုထပ်မံပြောဆိုသည်။

“ကျနော်တို့ ဇီးပင်သာကျေးရွာက တော်လှန်ရေးလုပ်တဲ့ ရွာလည်းမဟုတ်ဘူးဗျာ။ အကုန်လုံးက အေးအေးချမ်းချမ်းပဲနေကြတယ်။ ပြီးရင်တိုက်ပွဲဖြစ်တယ်ဆိုတာလည်းမရှိဘူး။ သူတို့က ဒေသခံတွေကို ရန်သူတွေလို သဘောထားပြီး တွေ့သမျှအကုန်ပစ်  မီးတွေရှို့တော့တာပဲ”ဟုပြောသည်။

အဆိုပါ ဇီးပင်သာကျေးရွာနှင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တပ်စွဲနေထိုင်သည့် ထန်းကုန်းကျေးရွာမှာ ၁ မိုင်ခန့်သာရှိပြီး ကန့်ဘလူမြို့နယ်၏ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာအဝေးတွင်တည်ရှိသည်။

April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...
April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...