စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ပရဟိတအဖွဲ့တချို့ ဖျက်သိမ်းလာရ

စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ပရဟိတအဖွဲ့တချို့ ဖျက်သိမ်းလာရ

အာဏာသိမ်းစစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ပရဟိတ အဖွဲ့တွေက ပြည်သူတွေကို လွတ်လပ်စွာကူညီဆောင်ရွက်ပေးလို့ မရတော့တဲ့အတွက် ဖျက်သိမ်းပြီး ရပ် နားလာရတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၈) ရက်နေ့က စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းပြီးနောက် မွန်ပြည်နယ်အတွင်းက ပရဟိတအဖွဲ့တွေကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက ခေါ်ယူအသိပေးတာတွေ လုပ်ဆောင်လာတာပါ။

စစ်ကောင်စီရဲ့ တင်းကြပ်လိုက်တဲ့ဥပဒေကြောင့် ပရဟိတအဖွဲ့တချို့ဟာ ပြည်သူတွေကို အရင်အချိန်ကလို ကူညီပေးလို့မရတော့တဲ့အတွက် အဖွဲ့ဖျက်သိမ်းပြီး ရပ်နားလာကြတာဖြစ်တယ်လို့ ပရဟိတအဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က အခုကပရဟိတလုပ်နေတာကို သူတို့ကိုအကြောင်းကြားရမယ်။ တကယ်လို့ (၅)နှစ် သက်တမ်းကုန်သွားတယ်ဆိုရင် သက်တမ်းတိုးရမယ်။ နောက်တော့ ကြပ်ကြပ်တည်းတည်း တခြားဟာတွေလည်း ရှိတာပေါ့နော်။ အခုနောက်ပိုင်းက ဘယ်လိုဖြစ်လဲဆိုတော့ တအားတင်းကျပ်သွားတယ်။ တချို့အသင်းတွေက မလုပ်ရဲဘူးဖြစ်နေတာ။ မသွားရဲဘူး ဖြစ်နေတယ်။ အခုကညဘက် အရေးပေါ် ကိစ္စကြုံရင်လည်း မသွားရဲဘူးဖြစ်နေတယ်။ ကျပ်တာတော့ တအားကျပ်သွားပြီ။ အရင်တုန်းကပုံစံနဲ့ အခုပုံစံတခြားစီဖြစ်သွားပြီ။ အခက်အခဲတွေအများကြီး ရှိတဲ့အပေါ်မှာ တခြားဖျက်သိမ်းမယ့်အသင်းတွေလည်း အများကြီးရှိသလို တချို့တလေကျတော့ နားလိုက်မယ်ပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ကျေးရွာတချို့ကမှတ်ပုံ တင်ထားတာမရှိဘဲ ကိုယ်ထူကိုယ်ထ ကူညီဆောင်ရွက်ပေးနေကြတဲ့ ပရဟိတအဖွဲ့ငယ်တွေဟာ ရပ်နားခံရနိုင်သလို အသစ်လုပ်ကိုင်မယ့် ပရဟိတအဖွဲ့တွေလည်း ပေါ်လာမှာမဟုတ်တော့ပါဘူး။

စစ်ကောင်စီတင်းကြပ်လိုက်တဲ့ ဥပဒေကြောင့် ပြည်သူတွေကို အရင်လိုကူညီဆောင်ရွက်ပေးလို့ ရမှာမဟုတ်တော့သလို သူတို့သတ်မှတ်ထားတဲ့ အသင်းအဖွဲ့လိုင်စင်ကြောင့် ပရဟိတအဖွဲ့တွေအနေနဲ့ ပိုမိုခက်ခဲလာနိုင်တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မြို့နယ်အဆင့်ဆို မြို့နယ်မှာပဲ လှုပ်ရှားရမယ်။ ပြည်နယ်အဆင့်ဆို ပြည်နယ်မှာလှုပ်ရှားရမယ် ဆိုတော့ လက်ရှိ ရှိတဲ့ အသင်းအဖွဲ့လိုင်စင်ယူထားတဲ့ အသင်းတွေက မြို့နယ်ပဲလုပ်ရမယ်ဆိုရင်တော့ သူတို့ သည် နယ်ကျော်သွားလာတာတွေ မရတော့ဘဲနဲ့ ပရဟိတလုပ်ငန်းတွေမှာ ကြန့်ကြာပြီး ထင်သလောက် မလုပ်နိုင်တဲ့ အနေအထားမျိုးမှာတော့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်ပြည်နယ်လုံးမှာမှ ပြည်ထောင်စုလိုင်စင်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ရထားတာဆိုလို့ (၂)ဖွဲ့ပဲ ရှိတယ်ပေါ့နော်။ တချို့ မြို့နယ်ဆိုရင် မြို့နယ်လိုင်စင်ပဲရှိတယ်။ အသင်းတွေ တော်တော်များများသည် ပြည်နယ်လိုင်စင်ဆိုတာ မရှိဘူး။ သူတို့ဆို လုံးဝမြို့နယ်ပဲ ကန့်သတ်လိုက်မယ်ဆိုရင် ပြည်နယ်ထိတောင် ဆေးရုံကိုလူနာပို့လို့ရတဲ့ အနေအထားမျိုးမရှိတဲ့အထိ လုပ်ပိုင်ခွင့်တွေကတော့ တော်တော်လေးကိုခက်ခဲလာမယ့် အနေအထားမျိုးမှာတွေ့ရတယ်ဗျ”လို့ ဆိုပါတယ်။

မြေပြင်မှာ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အသင်းအဖွဲ့တော်တော်များများဟာ အခကြေး ငွေရယူပြီး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေမဟုတ်တဲ့အတွက် စစ်ကောင်စီရဲ့တင်းကြပ်မှုတွေကြောင့် ပြည်သူတွေပိုမိုခက်ခဲလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာမသိမ်းခင်က ပြည်သူတွေအတွက် ကျန်းမာရေး၊ပညာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ လွတ်လပ်စွာ ကူညီဆောင်ရွက်ပေးလို့ရခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေကိုကူညီပေးဖို့ ကြိုးစားပေမယ့် စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်တာတွေ ရှိလာတာဖြစ်ပါတယ်။

စစ်ကောင်စီအတည်ပြုပြဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ ပုဒ်မ (၃၃) အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းရင် (၃) နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀) သိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အတည်ပြုပြဌာန်းထားတဲ့ ပုဒ်မ (၃၈) နဲ့ (၃၉) ပါ ပြဌာန်းချက်တွေ ဖောက်ဖျက်ကျူးလွန်ရင် အသင်းအဖွဲ့ရဲ့ တာဝန်ရှိသူကို ထောင်ဒဏ်(၅) နှစ်အထိဖြစ်စေ၊ သိန်း(၅၀) ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်တဲ့အပြင် ပြစ်မှုကျူးလွန်တဲ့ အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းတာ၊ အသင်းအဖွဲ့ပိုင် ငွေကြေး၊ ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...