ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

ပင်လောင်းမြို့နယ် စစ်ရှောင်များ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မရှိသဖြင့် သွားလာရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များသည် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် မရှိသည့်အတွက် တခြားမြို့သို့ ခရီးသွားလာရန် ခက်ခဲနေကြောင်း စစ်ရှောင်များထံမှ သိရသည်။

ကရင်နီ (ကယားပြည်) တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ယခုအချိန်မှာ တခြားမြို့သို့ ခရီးသွားရန် အိမ်ထောင်စုဇယား နှင့် မှတ်ပုံတင်မရှိသဖြင့် သွားလာ၍မရကာ ခက်ခဲနေကြောင်း နမ့်မယ်ခုံဒေသခံ အသက် ၂၈ နှစ် စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်းရှိ ကရင်နီ (ကယားပြည်) မှ စစ်ရှောင်ဦးရေ (၂၀,၀၀၀) ဝန်းကျင်ရှိနေပြီး လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် အိမ်ထောင်စုဇယား နှင့် မှတ်ပုံတင် မရှိကြကြောင်း သိရသည်။

“ကျမတို့ ပြေးလာတုန်းက ဒီတိုင်းပဲ ကိုယ်လွှတ်ရုံး ပြေးလာရတယ်။ တချို့လည်း အရေးကြီးတဲ့ ပစ္စည်းကို ဖွတ်ထားတယ်ဆိုပေမယ့် ပြေးလာခဲ့တုန်းက မယူလာရဘူးလေ။ ဒီချိန်မှာ ခရီးတစ်ခုသွားမယ်၊ ဆေးရုံတက်ရလို့ လိုတာမျိုးဆိုရင်လည်း လမ်းမှာက မှတ်ပုံတင် စစ်ဆေးခံရတယ်။ တစ်ခါတလေ မှတ်ပုံတင်မပါရင် သွားလာလို့မရဘူး “ ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

အချို့စစ်ဘေးရှောင်များသည် မိသားစုဝင်များသည့်အတွက် တစ်ဖက်တစ်ကမ်း စားဝတ်နေရေး ဖြေရှင်းဖို့ တခြားမြို့သို့ သွားရောက် အလုပ်လုပ်ချင်သော်လည်း မှတ်ပုံတင်မရှိသဖြင့် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

“ တချို့က ဒီမှာနေရတာ အဆင်မပြေတော့ တခြားမြို့ကို အလုပ်သွားလုပ်ဖို့ သွားကြတယ်။ တခြားမြို့ကို အလုပ်သွားလုပ်ဖို့ဆိုရင် အဓိက မှတ်ပုံတင်လိုအပ်တယ်။ မှတ်ပုံတင် မရှိရင် အိမ်ထောင်စု ဇယားပြဆိုလည်း အိမ်ထောင်စုဇယားလည်းမပြနိုင်၊ မှတ်ပုံတင်လည်း မပြနိုင်ဆိုတော့ သူတို့ အခွင့်အရေးဆုံးရှုံးရတာရှိတယ် “ ဟု ၎င်းကဆက် ပြောသည်။

ပင်လောင်းမြို့ – တောင်ကြီးမြို့ ကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေး ၃ ဂိတ်ရှိရာ စစ်ဆေးမှုမှာလည်း မှတ်ပုံတင်ကို အဓိကထားပြီး စစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေတဲ့ ကရင်နီ (ကယားပြည်) ကဒေသခံများသည် နမ့်မယ်ခုံ၊ ဒီးမော့ဆို၊ သေးဆူလဲ၊ ဒေါတဆေး၊ အိုကေ၊ ငွေတောင်၊ ဆော်ခီးဒေါ၊ လားလဲ၊ မိုးဗြဲ၊ ဝါရီဆူးဖလှိုင်၊ ဝီသဲကူး၊ ဖယ်ခုံ၊ ကသဲ၊ ခေါင်းမိုင်း၊ လွယ်ပေါ ရွာမှ ဒေသခံများဖြစ်သည်။

လက်ရှိမှာ စစ်ဘေးရှောင်များအတွက် အလှူရှင် လာရောက်မလှူတာ ၂ လကြာပြီ ဖြစ်သဖြင့် စားနပ်ရိက္ခာ၊ အနွေးထည် အဝတ်အစား နှင့် အရေးပေါ် ဆေးဝါးများ လိုအပ်နေတယ်လို့ ဒေသခံများက ဆိုသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...