ငွေကျပ်သိန်း ၆၀၀ နှင့်အတူ မူဆလင်ကုန်သည် ၂ ဦးကို ဘူးသီးတောင်တွင် စစ်ကောင်စီဖမ်းဆီး၊ ငွေကိုသိမ်းပြီးလူကို ဆက်လက်ဖမ်းဆီးထား၍ မိသားစုများစိုးရိမ်

ငွေကျပ်သိန်း ၆၀၀ နှင့်အတူ မူဆလင်ကုန်သည် ၂ ဦးကို ဘူးသီးတောင်တွင် စစ်ကောင်စီဖမ်းဆီး၊ ငွေကိုသိမ်းပြီးလူကို ဆက်လက်ဖမ်းဆီးထား၍ မိသားစုများစိုးရိမ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ငွေကျပ်သိန်း (၆၀၀) နှင့် အတူ စစ်တပ်က ဖမ်းဆီးထားသည့်  မူဆလင်ကုန်သည် ၂ ဦးမှာ ၄ ရက်တာ ကြာမြင့်လာပြီဖြစ်သော်လည်း အဆက်အသွယ်မရသေးဟု မိသားစုများက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ဘူးသီးတောင်မြို့နယ် ဝက်မကျမူဆလင်ရွာမှ ကျွဲ၊ နွားကုန်သည် ဦးချင်းချူအာလောင်(၅၀)နှစ်နှင့် ဦးအီဆူး (၅၀)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် နေ့လယ် ၂ နာရီခန့်တွင် ကျွဲ၊ နွားရောင်းဝယ်ပြီး၍ စင်လှေဖြင့်ပြန်လာစဥ် ဘူးသီးတောင်မြို့သင်္ဘော ဆိပ်ကမ်းမှ စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးရာ ကျွဲ၊ နွားရောင်းရငွေ ကျပ် သိန်း ၆၀၀ ခန့်ကို တွေ့ရှိသဖြင့် လူကိုလည်း ဖမ်းဆီးသလို ငွေကိုလည်း သိမ်းယူသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

" သူတို့ကို ဖမ်းဆီးပြီး စစ်တပ်ဗျူဟာသို့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ သူတို့ကို ခုထိ ဗျူဟာစခန်းမှာပဲ ဖမ်းထားတာ။ အဆက်အသွယ်လည်း မရဘူး"ဟု ပြောသည်။

ယင်းနေ့က ဘူးသီးတောင်မြို့ ရွာမရပ်ကွက်မှ အာမီရ်ဟူဆောင်းဆိုသူကိုလည်း သူတို့ ၂ ဦးနှင့်အတူ ဖမ်းဆီးခဲ့သော်လည်း လက်ရှိတွင် သူ့တစ်ယောက်တည်းကိုလွှတ်ပေးလိုက်သည်ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ၂ ဦးကို မည်သည့်အတွက်ဖမ်းသွားသည်ကိုမသိရသော်လည်း သူတို့သည် ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ကြသူများဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်ခြင်းမျိုးမရှိဟု မိသားစုက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်မှ တာဝန်ရှိသူများသည် ရက္ခိုင့်တပ်တော်(AA)နှင့် တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်အများအပြားကို ဦးတည် ဖမ်းဆီးနေပြီး သူတို့ (ဖမ်းဆီးခံရသူများ)   ပြန်လည်လွတ်မြောက်ရေးအတွက် လူတစ်ဦးစီ၏ ညှိနိုင်းလက်ရှိ ပေါက်စျေးမှာ ကျပ်သိန်း ၁၀၀ ကနေ သိန်း၅၀၀ စျေး အထိရှိနေသည်ဟုလည်း ရခိုင်လူမှုအသိုင်းအဝိုင်းတွင် သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...