ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိ ၊ လတိန် ကျေးရွာဘက်သို့ စစ်ကောင်စီက မှ ညအချိန်မတော် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ပြည်သူများ ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃)ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လအိကျေးရွာ ပတ်ဝန်းကျင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်ကာ ဒေသခံများ ကြောက်လန့်နေရကြောင်း ဖယ်ခုံမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ညညဆိုရင်တော့ ကောင်းကောင်းမအိပ်ရဘူး။ ကြောက်လန့်နေရတယ်။ စိုးရိမ်စိတ်တွေနဲ့ နေနေတာပေါ့။ ညအိပ်ပျော်နေတဲ့ချိန်ဆိုရင် ရုတ်တရက် လက်နက်ကြီးသံတွေကြားရတာ။ နေ့တွေဆိုရင် မပစ်ဘူး။ ညရောက်ရင် စပစ်ပြီ။ ကြောက်ရတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ယမန်နေ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။

ယခုလအတွင်း စစ်ကောင်စီဘက်မှ လအိကျေးရွာသို့ ညအချိန်မတော် လက်နက်ကြီး၊ငယ် ပစ်ခတ်သည်မှာ ၃ ကြိမ်ရှိပြီဖြစ်သော်လည်း ဒေသခံများက ကျေးရွာတွင်း ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။

“ သူတို့တွေက ကျေးရွာတွေထဲမှာပဲနေထိုင်ကြတာ။ နေ့လည်ဆိုရင်တော့ ပုံမှန်ပဲ တောင်ယာတွေပဲ လုပ်ကြတာ။ ညဆိုရင်တော့ အိမ်ပြင်တွေသိပ်မထွက်ရဲကြတော့ဘူး။ မီးပိတ်ပြီးနေရတာပေါ့” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်တွင်လည်း စစ်ကောင်စီက လအိကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး နှင့် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပြီး ထိုသူများကို လုံခြုံသည့် နေရာသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးထားကြောင်း သိရသည်။

အလားတူ ယနေ့ (နိုဝင်ဘာ ၁၄) နံနက် ၈နာရီခွဲကျော်တွင် လွိုင်ကော်မြို့နယ် ခလရ (၂၅၀)တပ်မှ ကုန်းဆွတ်ရွာအတွင်းကို လက်နက်ကြီး (၆) လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများခိုးလှုံနေသော ဘုန်ကြီးကျောင်းတွင်း (၄) လုံးကျရောက့်ကာ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...