စစ်တွေတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဓားထိုးခံရ

စစ်တွေတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဓားထိုးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဓားထိုးခံရသည်ဟု သိရသည်။

ဓားထိုးခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အသက်(၃၀)အရွယ် ဒေါ်စောသန္တ ကိုယ်ဝန်(၄)လဖြစ်သည်ဟု သိရပြီး ယနေ့အောက်တိုဘာလ ၂၈ရက်၊ နေ့လယ် ၂နာရီအချိန်တွင် အိမ်နီးချင်းဖြစ်သူ ကိုကျားခိုမှ အရက်မူးမူးဖြင့် အကြွေးလာတောင်းပြီး ချေးယူထားသည့် အကြွေးအားမဆပ်နိုင်သေး၍ ဓားထိုးခံရခြင်းဖြစ်သည်ဟု သိရသည်။

"ဓားထိုးခံရသူဒေါ်စောသန္တာက ဓားထိုးတဲ့တရားခံ ကျားခိုရဲ့ ဇနီးဆီက ပိုက်ဆံချေးလို့ ရှိတယ်လို့သိရတယ်။ အဲ့ဒါကို ကျားခိုက အရက်မူးမူးနဲ့ လာပြီး အကြွေးတောင်းတယ်။ ပြန်မဆပ်နိုင်သေးလို့ ဓားနဲ့ထိုးသွားတယ်လို့ သိရတယ်" ဟု ဓားထိုးခံရသူအား စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ကူညီ ပို့ဆောင်ပေးသည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ဓားထိုးခံရသည့် ဒေါ်စောသန္တာတွင် နောက်ကျော၌ ဓားဒဏ်ရာ ၄ချက်၊ ပေါင်တွင် ၁ချက်နှင့် ဘယ်လက်တွင် ၁ချက်ဓားထိုးခံရ၍ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသွားပြီး ကိုယ်ဝန်လည်း ပျက်ကျသွားသည်ဟု သိရသည်။

"အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လို့ပြောတယ်။ ကိုယ်ဝန်က ၄လရှိတယ်။ ပျက်သွားတယ်လို့လည်း ဆရာဝန်ကပြောတယ်။ သူတို့က ဒီကမဟုတ်ဘူး။ သူတို့နာမည်တောင်မသိရဘူး။ ကိုကျားခိုလို့တော့ ခေါ်ကြတယ်။ ပိုက်ဆံချေးလို့ ရှိတယ်။ ချေးထားတာလည်း ကြာပါပြီ။ အဲ့ဒါလာတောင်းတယ်။ မဆပ်နိုင်သေးဘူးပြောလို့ ဓားနဲ့ထိုးသွားတယ်" ဟု ဓားထိုးခံရသူဒေါ်စောသန္တ၏ ယောကျာ်းဖြစ်သူက ပြောသည်။

ဓားထိုးတရားခံဖြစ်သည့် ကျားခိုလင်မယားနှစ်ဦးမှာ အနီးအနားရှိလူများက ဖမ်ဆီးရန်ရောက်လာ၍ ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့ကလည်းစစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...