ရခိုင်မှ ဆင်ဖြူငယ်နေပြည်တော်သို့ ရောက်ရှိ

ရခိုင်မှ ဆင်ဖြူငယ်နေပြည်တော်သို့ ရောက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်မှ ယူဆောင်သွားသော ဆင်ဖြူငယ်သည် လက်ရှိနေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့က ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယမန်နေ့က ဆင်ဖြူတော်ငယ်သည် မိခင်ဆင်မဇာနန်းလှနှင့်အတူ အဆင်တန်ဆာများဆင်မြန်းကာ  နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ဘုရားဖူးရောက်ရှိနေဟု သိရသည်။

ဆင်ဖြူငယ်ကို လာမည့်ရက်ပိုင်းအတွင်း ဘွဲ့အမည်ပေးအပ်ပွဲ ပြုလုပ်မည် ဟုလည်း သိရသည်။

အဆိုပါ ဆင်ဖြူငယ်သည် ဇူလိုင် ၂၃ ရက်က ခူးတိုက်နယ်ရှိ မြန်မာ့ သစ်တောဆင်ဝိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆင်ဖြူတော် ကြန်အင်လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆင်ဖြူတော်ငယ်အပါအဝင် ဆင် (၄) ကောင်ကို တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းမှတဆင့် ရန်ကုန်သို့ ရေယာဉ်တစ်စီးဖြင့် လုံခြုံရေးတင်းကျပ်စွာ ယူဆောင်သွားခြင်းဖြစ်သည်။

ယခင်ပေါ်ထွန်းခဲ့သော ဆင်ဖြူတော် ၉ စီး၌ ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူ ၁ စီးသာလျှင် ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန် ၈ စင်းသည် အများဆုံး ၆ ချက်သာ ကိုက်ညီခဲ့ကာ ယခုဆင်ဖြူငယ်သည်လည်း ကြန်အင် (၇) နှင့်ကိုက်ညီသည့်အတွက် ထူးခြားသည့် ဆင်ဖြူအဖြစ် စကစပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုထားသည်။

နေပြည်တော်ရှိ ဆင်ဖြူအများစုမှာ ရခိုင်ပြည်မှရရှိခြင်းဖြစ်ပြီး ဆင်ဖြူများကို နေပြည်တော်နှင့် ရန်ကုန်ရှိ မင်းဓမ္မကုန်း ရတနာဆင်ဖြူတော် ဥယျာဉ်တို့တွင် ထိန်းသိမ်းထားကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...