ပုဏ္ဏားကျွန်းတွင် လယ်သမားများကို လယ်ထဲ မလာရန် ၅၅၀ တပ်ရင်းက သေနတ်ပြခြိမ်းခြောက်တားမြစ်

ပုဏ္ဏားကျွန်းတွင် လယ်သမားများကို လယ်ထဲ မလာရန် ၅၅၀ တပ်ရင်းက သေနတ်ပြခြိမ်းခြောက်တားမြစ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ လယ်သမားများကို အမှတ် (၅၅၀) တပ်ရင်းက စပါးစိုက်ပျိုးထားသည့် လယ်ထဲသို့ မလာရန် သေနတ်ပြ ခြိမ်းခြောက်ကာ တားမြစ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

အမည်မဖော်လိုသူတစ်ဦး လယ်သမားတစ်ဦးက  "(၅၅၀) တပ်နားမှာ ကျနော်တို့လယ်တွေရှိပါတယ်။ မနေ့က ကျနော်တို့ စပါးရဲ့အခြေအနေကို သွားကြည့်တော့ ကျနော်တို့ကို သေနတ်နဲ့ ရင်ဘတ်ကို ထောက်ပြီး နောက်တစ်ခါ ဒီလယ်ပြင်တွေကိုထပ်မလာဖို့ ခြိမ်းခြောက်ပါတယ်။ တကယ်က ကျနော်လယ်က စစ်တပ်နဲ့လည်း ဝေးပါသေးတယ်။ ဘာကြောင့် အခုလို ခြိမ်းခြောက် တားမြစ်တယ်ဆိုတာ မသိရပါဘူး"ဟု ခြိမ်းခြောက်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ဘူတာအနီး လယ်ပြင် အခြေအနေသွားကြည့်သည့် လယ်သမားများမှာ ယခုကဲ့သို့ ခြိမ်းခြောက်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်း ခမရ(၅၅၀) အနေနှင့် တခြားလယ်သမားများကိုလည်းယခင်ရက်များက ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

"ပုဏ္ဏားကျွန်းမြို့ထက်က ကျနော်တစ်ဦးတစ်ယောက်ကိုပဲမဟုတ်ဘူး။ တခြား မြေဧက အများကြီးနဲ့လုပ်စားနေသူတွေလည်း ရှိပါတယ်။ သူတို့ကိုလည်း ခြိမ်းခြောက်တယ်လို့ သိရပါတယ်"ဟု ပြောသည်။

ရခိုင်ကလယ်သမားများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ ချေးငွေမရရှိခြင်း၊ ရာသီဥတုဒဏ် နှင့် စစ်ရေးအခြေအနေများကြားက ခက်ခက်ခဲခဲ စိုက်ပျိုး ထားသည့် စပါးစိုက်ခင်းများကို ကြည့်ရှုခွင့်၊ ပြုစုပျိုးထောင်ခွင့် မရလျှင် စပါးပင်များ ပျက်စီးသွားနိုင်သည်ဟု နောက်ထပ်လယ်သမား တစ်ဦးက ပြောသည်။

"အခုလို ကိုယ့်လယ်၊ ကိုယ့်မြေကို လုပ်စားနေသူတစ်ယောက်ကို လယ်ကိုလည်း သွားမကြည့်ရ၊ လယ်လည်းသိမ်းခွင့်မရရင် ဒုက္ခဖြစ်ပြီလေ။ နောက်ထပ် ဘယ်လိုဆက်လုပ်စားမလဲ။ ကျနော်တို့ပုဏ္ဏားကျွန်းမှာ တခြားလုပ်ငန်း ပိုင်းဆိုင်ရာကိုလည်း လုပ်စားလို့မရတဲ့အခြေအနေ ရှိတဲ့သူတွေအနေနဲ့  ကိုယ့်လယ်ကိုအားကိုးပြီး လယ်ယာစိုက်ပျိုး ထမင်းစားရတဲ့အချိန်မှာ  လယ်ယာရိတ်သိမ်းခွင့်မရရင် ကျနော်တို့ ပြည်သူတွေ ဘယ်လိုလုပ်စားကြမလဲ။ အခုလက်ရှိ ကုန်ကျစရိတ်တွေ အများကြီး ကုန်ကျပြီး ခက်ခက်ခဲခဲလုပ်ထားပြီးမှ အခုလို တားမြစ်တာကတော့ လယ်သမားတွေ အနေနဲ့ အထူးနစ်နာရမယ့် ကိစ္စပါ။ ခုလို တားမြစ်တဲ့အတွက်  ရခိုင်သူ၊ရခိုင်သား၊ ပုဏ္ဏားကျွန်းမြို့သူ၊ မြို့သား သူတို့ (စစ်တပ်) အောက်မှာ တော်တော်ခံရအုံးမှာပဲလို့ ပြောချင်ပါတယ်" ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ရေး အခြေအနေကြောင့်  မထွန်ယက် မစိုက်ပျိုးနိုင်သည့် လယ်မြေ အများအပြားရှိနေသလို ထွန်ယက် စိုက်ပျိုးထားသည့် လယ်မြေများကိုလည်း စစ်တပ်က မသွားရ၊ မလာရ တားမြစ်နေ၍ နိုင်ငံတော်ကောင်စီဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းတို့အနေဖြင့် ဝင်ရောက် ဖြေရှင်းပေးစေလိုသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အကြောင်းအရင်းကို ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအာ နိရဉ္စရာက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

အောက်တိုဘာ ၂၂ ရင်နေ့ကလည်း မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင် ကျေးရွာသားတစ်ဦးပိုင်သည့်လယ်ပြင်မှ မှည့်နေသော စပါးများကို စစ်ကောင်စီတပ်သားများက ဝင်ရောက် ကျူးကျော်ရိတ်သိမ်းမှုရှိခဲ့သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...