ပေါက်တော သဲခုံရွာတွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြား၊ အရေးပေါ်အကူအညီများလိုအပ်နေ

ပေါက်တော သဲခုံရွာတွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြား၊ အရေးပေါ်အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းမြောက်ဘက်ရှိ သဲခုံရွာတွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြားပြီး အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် နေအိမ်အများအပြားပြိုပျက်သွားပြီး ရေတွင်းများလည်း ဒီရေများဖုံးလွှမ်းသွားသဖြင့် ရိက္ခာနှင့် သောက်ရေသန့်များ အရေးပေါ် လိုအပ်နေကြောင်း သဲခုံရွာမှ ဒေါ်ခင်ခင်လှက နိရဉ္စရာကို ပြောသည်။

"ဘာမှမကျန်လိုက်တော့ဘူး။ စားဖို့သောက်ဖို့ကအစ အခက်အခဲတွေရှိပါတယ်။ ရေဝင်လို့ ရေတွင်းတွေပါ သောက်မရတာမျိုးရှိပါတယ်။ ပစ္စည်းတွေလည်း ရေထဲမျောကုန်ပြီ။ အိမ်တွေလည်း တော်တော်ပြိုကြပါတယ်။ ကမ်းနား တစ်လျှောက်အိမ်တွေ အားလုံးပြိုပါတယ်။ကျန်တာက ရွာထဲကခိုင်တဲ့ အိမ်တွေပဲကျန်ပါတယ်"ဟု ပြောသည်။

ရေတက်ပြီး ဒီရေလှိုင်းလုံးများ ဆက်တိုက်ဝင်ရောက်လာသည့် အတွက် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးပြီး အသုံးအဆောင် ပစ္စည်းများလည်း ရေနှင့်မျောပါကုန်၍ စားဝတ်နေရေးပါ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းအထိ ဒီရေကျခြင်းမရှိဘဲ ယင်းအပြင် ရွာသားများမှာ မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များမှာလည်း ရေနှင့်မျောပါကာ ဆုံးရှုံးမှုများရှိကြောင်း ကျေးရွာသားများက ပြောသည်။

နေအိမ်ပျက်စီးဆုံးရှုံးမှုကို လက်ရှိတွင် ရေမကျသေးသောကြောင့် သွားရောက်ကြည့်ရှုရန် မဖြစ်နိုင်သေး၍  အတည်မပြုနိုင်သေးကြောင်း၊ ပျက်စီးဆုံးရှုံးမှုအတိအကျကို မသိနိုင်သေးကြောင်း သဲခုံမှ နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

"ရွာမှာ ကြက်တွေ၊ ဝက်တွေမွေးထားသူတွေမှာလည်း ဘာမှ မရလိုက် ကြတော့ဘူး။ ဒီရေကျချိန်မှာတောင် ရေကမကျဘူး။ တစ်ညလုံးလည်း မအိပ်ရပါဘူး။ အခုတော့ ထမင်းလေးတစ်အိုးတည်း တာဝန်အရချက်ထားပါပြီ။ အခုထိကို ပင်လယ်ထဲနေရသလိုဖြစ်နေပါတယ်။ ဘယ်လောက် ပျက်စီးတယ်တော့သွားမကြည့်နိုင်လို့ အသေးစိတ်မသိနိုင်ပါဘူး"ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “စီတရန်(SITRANG)”၏အရှိန်ကြောင့် ဒီရေလှိုင်းများတက်လာပြီး သဲခုံရွာအား ရေနစ်မြုပ်မှု ဖြစ်စေခဲ့သည်။

ယမန်နေ့ကတည်းက ယနေ့နံနက်ပိုင်းအချိန်ထိ  ရခိုင်ပြည်နယ်၊ သံတွဲ၊ စစ်တွေ၊ ပေါက်တော နှင့်  မောင်တောမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ်နားနီးသည့်နေရာများတွင် ရေတက်ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် ဆိုင်ကုလုန်းမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ တင်ကိုနာကျွန်း(Tinkona Island)နှင့်ဆန်းဝစ်(ပ်)ကျွန်း(Sandwip Island)တို့ အကြား ဖြတ်ကျော်ဝင်ရောက်သွားခဲ့ကာ အားပျော့သွားခဲ့ကြောင်း ယနေ့ နံနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်ကို ကိုးကားပြီး မြန်မာမိုးဇ/လက ထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...