စစ်တွေတွင် ညဥ့်အချိန် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦးအပါအဝင် ဒေသခံ ၇ ဦး ၅ ရက်ကြာမြင့်သည်အထိ သတင်းအစအနမရပျောက်ဆုံးနေ

စစ်တွေတွင် ညဥ့်အချိန် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦးအပါအဝင် ဒေသခံ ၇ ဦး ၅ ရက်ကြာမြင့်သည်အထိ သတင်းအစအနမရပျောက်ဆုံးနေ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက် ညဥ့်အချိန်က စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ၁ ဦးအပါအဝင် ဒေသခံ ၇ ဦးတို့သည် ယနေ့အချိန်အထိ ၅ ရက်ကြာ သတင်းအစအနမရ ပျောက်ဆုံးနေကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ကျော်၊ စက်ရုံစုကယ်ဆယ်ရေးတွင်နေထိုင်သည့် ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်နိုင်၊ ဦးထွန်းဝင်းနိုင်၊ စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ ဦးမောင်ဆန်းဌေးနှင့် အခြားနယ်မှ ဆေးကုရန်ရောက်ရှိနေသည့် ၂ ဦး တို့ဖြစ်ကြသည်။

သူတို့အား ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက် ညဥ့် ၁ နာရီခန့်တွင် စက်ရုံစုရပ်ကွက်ရှိ ကယ်ဆယ်ရေးသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဧည့်စာရင်းဝင်စစ်စဉ် နေအိမ်တံခါးများကိုကန်ကျောက်ပြီး ၎င်းတို့ ဖမ်းဆီးထားသူများကို အိမ်ပေါ်မှ ဆွဲချ ရိုက်နှက်ကာ ဖမ်းခေါ်သွားခြင်း ဖြစ်သည်ဟု အဖမ်းခံရသည့်ဒေသခံများ၏ မိသားစုဝင်များကပြောသည်။

ယင်းရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့မှစ၍ ယနေ့ အောက်တိုဘာ ၁၉ ရက်အထိ ၎င်းတို့ ၇ ဦးနှင့် အဆက်အသွယ်မရရှိသေးဘဲ မည်သည့်နေရာတွင် မည်သို့ထိန်းသိမ်းထားကြောင်းကိုလည်း မသိရသေးကြောင်း ဖမ်းဆီးခံထားရသည့် ဦးသန်းကျော်လှိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

"တခုမှလည်းသတင်းမကြားရပါဘူး။ သတင်းအစနလည်းမရဘူး။ ရဲစခန်းကိုကျတော့လည်း သွားမကြည့်ရဲပါဘူး။ အခြားဖမ်းထားနိုင်တဲ့ နေရာတွေကို သွားစုံစမ်းကြည့်တော့လည်းမရှိဘူး။ ကျမတို့လည်း စိတ်ပူပြီးလိုက်ရှာနေကြတာပါ။ သတင်းလည်းမရတော့ သေသွားပြီလို့လည်း ထင်နေကြတယ်။ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေကြပါပြီ။ စားဝတ်နေရေးကလည်း အဆင်မပြေ၊ သတင်းလည်း စုံစမ်းမရဘူး။ အမြန်ဆုံးအိမ်ကို ပြန်ရောက်စေချင်ပါတယ်။ ကျမတို့လင်တွေက လက်သမားလုပ်သူလုပ်၊ ပန်းရံလုပ်သူလုပ်စားနေတာပါ။ လူစွပ်စွဲမှုနဲ့ပါသွားတယ်လို့ပြောနေကြပါတယ် အခု၊ နိုင်ငံရေးပတ်သက်မှုနဲ့ဆိုပြီး။ ကျမတို့လည်းပိုက်ဆံမရှိတဲ့ကြားထဲက ထမင်းအငတ်ခံပြီး သွားစုံစမ်းနေကြတာပါ" ဟုပြောသည်။

ထို့အပြင် ၎င်းတို့အား ဖမ်းဆီးရာ၌ စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်မှ နေအိမ်များသို့ အတင်းဝင်ရောက်လာကာ မွှေနှောက်ရှာဖွေပြီး အိမ်ရှိ ဖုန်းအားလုံးကို သိမ်းယူသွားခြင်းနှင့် ၎င်းအဖမ်းခံရသူများကိုလည်း ရိုက်နှက်ခေါ်ဆောင်သွားခြင်းများရှိသဖြင့် မိသားစုဝင်များမှာ အထူးစိုးရိမ်နေကြခြင်းဖြစ်သည်။

၎င်းတို့အားဖမ်းဆီးသွားသည့်နေ့မှစ၍ မည်သည့်နေရာတွင် ဖမ်းဆီးနှိပ်စက်နေလိမ့်မည်ကို စိုးရိမ်ကြောင့်ကြနေရပြီး အသက်လည်းကြီးမြင့်နေပြီဖြစ်သဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်သည်ဟု ဖမ်းဆီးခံရထားသည့် စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ကျော်၏ မိသားစုဝင်တစ်ဦးမှ နိရဉ္စရာသို့ပြောသည်။

"ကျမတို့က ကိုယ့်လင်ကိုယ့်သားကိုတော့ အိမ်ကိုအမြန်ဆုံး ပြန်ရောက် စေချင်ပါတယ်။ အသက်လည်းကြီးနေပါပြီ။ သူတို့ ရိုက်တဲ့ ပုတ်တဲ့ ဒဏ်တွေကိုလည်း ခံနိုင်မှာမဟုတ်ပါဘူး။ နောက်ပြီးဖျားလို့ထပြီး ထမင်းတောင် မစားနိုင်တဲ့သူကို အိမ်ကနေဆွဲပြီး သတ်ပြီး ခေါ်သွားတာပါ။ အိမ်တံခါးတွေကိုလည်း ကန်ကျောက်ပြီး အားလုံးကို ရှာဖွေသွားပါတယ်။ အရင်ဆုံးလွတ်စေချင်ပါတယ်။ ဘယ်နားမှာရှိမှန်း၊ ဘယ်နားမှာ သတ်ထားမှန်းလည်းမသိဘူး။ ကလေးအငယ်နဲ့မိသားစုတွေဆိုရင် ငတ်နေကြပါပြီ အိမ်ထောင်ဦးစီးတွေအဖမ်းခံထားရလို့။ သူကတော့  အုပ်ချုပ်ရေးမှူးမလုပ်တော့တာ ငါးလကျော်ခြောက်လလောက်ရှိပါပြီ။ အသက်ကလည်းကြီးနေပြီ။ နိုင်ငံရေးတွေကြားထဲမပါဝင်ချင်လို့ ထွက်ထားတာကြာပါပြီ" ဟုပြောသည်။

ဖမ်းဆီးခံလိုက်ရသူများသည် အသက် ၃ဝ ကျော်မှ ၄ဝ ဝန်းကျင်အတွင်းရှိပြီး ယင်းအနက် အသက်ကြီး ကျောင်းဆရာဆိုသူတစ်ဦးနှင့် စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတို့ ပါဝင်သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...