စစ်ကောင်စီတပ်က ရသေ့တောင် ပြိန်းတောရွာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၇ တန်းကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကောင်စီတပ်က ရသေ့တောင် ပြိန်းတောရွာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၇ တန်းကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာထဲကို  ယနေ့နံနက်က စစ်ကောင်စီတပ်က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍  ၇တန်းကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ ပြိန်းတောကျေးရွာမှ ဦးအောင်ကျော်မင်းနှင့် ဒေါ်သိန်းနုတို့၏ သမီး ၇ တန်းကျောင်းသူ မငြိမ်းအေးဇံ(ခေါ်)မဖြူမ (၁၃) နှစ်ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေစိုးချောင်းဗျူဟာက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၄ လုံးအနက် ၃ လုံးမြောက်လက်နက်ကြီးကျည်သည် သူမတို့အိမ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

"လက်နက်ကြီးကျည်က အိမ်ထဲမှာကွဲတာ။ သူလည်း အိမ်ထဲမှာရှိနေတုန်း လက်နက်ကြီးကျည် ကျကွဲလို့ အိမ်ထဲကနေ အိမ်အပြင် လမ်းပေါ်အထိ လွင့်စင်သွားခဲ့တယ်။ ဒဏ်ရာတွေကတော့ ကျောကုန်းကနေပွင့်ထွက်သွားပြီး ခါးအောက်ပိုင်း ပြတ်ထွက်လုနီးပါး ဖြစ်သွားတယ်"ဟု ပြောသည်။

ယခုဖြစ်စဥ်ကြောင့် နေအိမ်လည်း ပျက်စီးသွားခဲ့သည့်အပြင် အိမ်ထဲရှိ အုန်းပင်လည်း တစ်ပင် ကျိုးပိုင်းသွားခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲစဥ် အိမ်တွင် သူမတစ်ဦးတည်းရှိနေပြီး မိဘများမှာ အခြားရွာသို့ သွားရောက်လျက်ရှိနေခဲ့ကြောင်း သိရသည်။

သမီးတစ်ဦးဆုံးရှုံးသွားမှုအပေါ် ဖခင်ဖြစ်သူ ဦးအောင်ကျော်မင်းက "ဘယ်လိုပြောရမလဲ။ ပြောဖို့လည်း မတတ်တော့ဘူး။ မွမ်းကျပ်သွားပြီ ။ ကျန်တာ မပြောတတ်တော့ဘူး"ဟု ပြောသည်။

ယနေ့နံနက်က ရေစိုးချောင်းဗျူဟာက ပြိန်းတောကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ လက်နက်ကြီးကျည် ၄ လုံး ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကျန် ၃ လုံးမှာ ရွာအနီးရှိ ချောင်းအနီးတွင် ၁ လုံး၊ ရွာအရှေ့ဘက်တွင် ၁ လုံးနှင့် ရွာအနီး အုန်းတောတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာအတွင် အခြားထိခိုက်မှုများ မရှိခဲ့ဟု ရွာသားများက ဆိုကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...