ကျောက်ဖြူမှ ဒေသခံတစ်ဦးကို အရပ်ဝတ်နှင့်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား

ကျောက်ဖြူမှ ဒေသခံတစ်ဦးကို အရပ်ဝတ်နှင့်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား
ဖမ်းဆီးခံရသည့် ကိုမောင်တင်ထွန်း။ ဓာတ်ပုံ - ပေးပို့
ဖမ်းဆီးခံရသည့် ကိုမောင်တင်ထွန်း။ ဓာတ်ပုံ - ပေးပို့

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ ဒေသခံတစ်ဦးကို အောက်တိုဘာလ (၁၁) ရက်နေ့ ညနေပိုင်းတွင် အရပ်ဝတ်နှင့်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုထံမှ သိရသည်။

အသက် (၃၂) အရွယ် ကိုမောင်တင်ထွန်းမှာ ကုလဘာတောင်ရပ်ကွက်ရှိ Topstar အားကစားခန်းမမှ အားကစားလုပ်ပြီး ပြန်လာသည့်လမ်းတွင် အရပ်ဝတ်နှင့်လူတစ်စုမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ အိမ်စီးကား တစ်စီးပေါ် တင်ခေါ်သွားခဲ့ကြောင်း ၎င်းနှင့်အတူပါလာသည့် မိသားစုဝင်တစ်ဦးကပြောသည်။

“ကျနော်တို့က အားကစားလုပ်ပြီးအပြန်မှာ သူတို့က အိမ်စီးကားနဲ့လာပြီး ဖမ်းသွားတယ်။ စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ ကျနော့်အထင်တော့ ခေါ်သွားတဲ့လူတွေက စစ်သားတွေဖြစ်တယ်။ အဲဒီနားမှာ စုံစမ်းကြည့်တော့လည်း ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းကလို့ ပြောကြတယ်”ဟု ၎င်းမိသားစုဝင်က ပြောသည်။

ဖမ်းဆီးခံရသူ ကိုမောင်တင်ထွန်းမှာ ကုလဘာတောင်ရပ်ကွက်ရှိ Topstar အားကစားခန်းမမှ Gym နည်းပြ တစ်ဦးဖြစ်သည်။

ယခင်ကလည်း ကိုမောင်တင်ထွန်းကို ဖမ်းဆီးရန် မြန်မာစစ်တပ်မှ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခြင်းများ ရှိခဲ့ကြောင်း ကိုမောင်တင်ထွန်း၏ ညီတော်စပ်သူတစ်ဦးက ပြောသည်။

“သူ့အလုပ်ကတော့ ဂျင်ဆော့တဲ့နေရာမှာ နည်းပြလုပ်တယ်။ အရင်တုန်းကလည်း သူ့ကိုဖမ်းဖို့အတွက် စစ်တပ်က အိမ်ကိုဝင်ရောက်ရှာဖွေတာ တစ်ကြိမ်လုပ်ဖူးတယ်။ အခုလို ဘာကြောင့်မှန်းမသိဘဲ ဖမ်းဆီးသွားတော့ စိုးရိမ်တာပေါ့။ အခုလည်း ဘယ်မှာစုံစမ်းလို့ စုံစမ်းရမှန်းမသိ ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ (၇) ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ ဦးသိန်းဝင်း၊ ဦးမျိုးမင်းနိုင်၊ ဦးညီညီမျိုးထွန်းတို့ကို မြန်မာစစ်တပ်မှ ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ (၉) ရက်နေ့ကလည်း ရမ်းဗြဲမြို့မှ ကျောက်ဖြူမြို့နယ်၊ စနဲမြို့သို့ပြန်လာသည့် ဒေသခံ (၄) ဦးကို ခမောင်းချေတိုင်ကျေးရွာအနီးတွင် မြန်မာစစ်တပ်မှ ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်၍မရရှိသေးပေ။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များဖြစ်သည့် အစိုးရရပ်ကွက်၊ ပိုက်ဆိပ်ရပ်ကွက်၊ ကုလားဘာတောင်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ အရာရှိရပ်ကွက်၊ စေတီတောင်ရပ်ကွက်နှင့် မလကျွန်းကျေးရွာတို့မှ ဒေသခံ ၂၀ ဦးထက်မနည်းကို မြန်မာစစ်တပ်မှ ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ယင်းအထဲမှ ၁၀ ဦးထက်မနည်းကို မတရားအသင်းဆက်သွယ်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) တို့ဖြင့် မြန်မာစစ်တပ်က တရားစွဲဆိုထားပြီး အချို့မှာလည်း ဖမ်းဆီးခံရပြီးနောက် မိသားစုများနှင့် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...