ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်၊ စုစုပေါင်းထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်၊ စုစုပေါင်းထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပြည်တွင်း စီးပွာရေးလုပ်ငန်းရှင်တစ်ဦးမှ အမေရိကန်ဒေါ်လာငွေ ၅ သိန်းခွဲ လက်ခံခဲ့သည်ဟု စွပ်စွဲချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိအမှုနှစ်မှုအတွက် ယနေ့ (အောက်တိုဘာလ ၁၂ ရက်) တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း နေပြည်တော် အထူးတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က အလှူငွေလှူဒါန်းခဲ့မှုအပေါ် စစ်ကောင်စီမှ ပြီးခဲ့သည့်ဇန်နဝါရီလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅ ဖြင့် တရားစွဲခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဦးဇော်ဝိတ်နဲ့ဆက်စပ်ပြီး အန်တီစု တရားအစွဲခံရတဲ့အမှုကို ဒီနေ့မှာဘဲ အပြီးသတ် အမိန့်ချလိုက်ပါတယ်။ ထောင်ဒဏ် သုံးနှစ်ထပ်ချခံရပါတယ်”ဟု အဆိုပါ နီးစပ်သူကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိမှု နှစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့ပြီး တစ်ပေါင်းတည်း သုံးနှစ်သာကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝန်းထံမှ သိရသည်။

“အမေစုအပေါ်ကို တရားစွဲထားတဲ့ အဂတိအမှုနှစ်ခုကို တစ်ခုစီသုံးနှစ် ပေါင်းခြောက်နှစ်ပေါ့။ ဒါပေမယ့် နှစ်မှုပေါင်းသုံးနှစ်အဖြစ်ပဲ အမိန့်ချမှတ်သွားပါတယ်”ဟု ရှေ့နေတစ်ဦးက ဆိုသည်။

ဦးဇော်ဝိတ်ဆိုသူက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံသို့ အလှူငွေများ လှူဒါန်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ လေးကြိမ်ခွဲယူလက်ခံသည်ဟုဆိုကာ စစ်ကောင်စီဘက်က အဂတိမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယခုအမိန့်ချမှတ်ခဲ့သည့် အဂတိအမှုနှင့်ပတ်သက်ပြီး အယူခံဝင်သွားရန်ရှိကြောင်း သိရသည်။ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် တစ်လအကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းအထဲမှ အမှု ၁၄ မှုအတွက် ဒေါ်အောင်ဆန်စုကြည်သည် စုစုပေါင်းထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ထောင်ဒဏ် ၂ နှစ် ပြန်လည်လျှော့ချခဲ့သဖြင့် ယခုထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်း အသုံးပြုသည့် ကိစ္စဖြင့်ပတ်သက်ပြီး အဂတိအမှုငါးမှုဖြင့် ထပ်မံအမှုရင်ဆိုင်နေရသေးသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...