စစ်တွေ၊ ဆတ်ရိုးကျအကွက်(၂) ကြက်ဝိုင်းကို စစ်တပ်နှင့်ရဲက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ဖြိုခွင်း၍ ၃ ဦးသေ၊ သေဆုံးသူ ၂ ဦးအလောင်းပျောက်ဆုံး၊ ဒဏ်ရာရသူ ၂ ဦးရှိ၊ ပစ်ခတ်သံများကြောင့် သက်ကြီးအမျိုးသမီး ၁ ဦး နှလုံးရပ်သေဆုံး

စစ်တွေ၊ ဆတ်ရိုးကျအကွက်(၂) ကြက်ဝိုင်းကို စစ်တပ်နှင့်ရဲက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ဖြိုခွင်း၍ ၃ ဦးသေ၊ သေဆုံးသူ ၂ ဦးအလောင်းပျောက်ဆုံး၊ ဒဏ်ရာရသူ ၂ ဦးရှိ၊ ပစ်ခတ်သံများကြောင့် သက်ကြီးအမျိုးသမီး ၁ ဦး နှလုံးရပ်သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေးအကွက်(၂)ရှိ ကြက်ဝိုင်းကို စစ်တပ်နှင့်ရဲက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ် ဖမ်းဆီးရာ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ ပစ်ခတ်သံများကြောင့် သက်ကြီးအမျိုးသမီး ၁ ဦးလည်း နှလုံးရပ်သေဆုံးသွားခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

သေဆုံးသူ ၃ ဦးအနက် ၂ ဦး၏ အလောင်းပျောက်နေသည်ဟု ဆတ်ရိုးကျအကွက် (၁)မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"သေနတ်ပစ်လို့ ပွဲချင်းပြီး ၂ ယောက် သေသွားတယ်။ ကျန်တစ်ယောက်က အရေးပေါ်ဆေးရုံ ပို့လိုက်ရတယ်။ ဒီနေ့ မနက် ၇ နာရီလောက်ကပဲ ဆေးရုံမှာ သေသွားတယ်လို့ပြောတယ်။ ပွဲချင်းပြီး သေသွားတဲ့ နှစ်ယောက်ရဲ့အလောင်းက ပျောက်နေတယ်။ စစ်တပ်က ယူသွားတယ်လို့ ထင်နေကြတယ်။ ၂ ဦးဒဏ်ရာရတယ်လို့လည်း သိရတယ်" ဟု ပြောသည်။

ပွဲချင်းပြီးသေဆုံးသွားသည့် နှစ်ဦးမှာ စစ်တွေမြို့၊ ဆတ်ရိုးကျကယ်ဆယ်ရေး အကွက်(၂)မှ ကိုမောင်ဝင်းချေ၊ ကိုကျောက်ဖြူတို့ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၈ ရက်တွင် ဆေးရုံ၌ သေဆုံးသွားသူမှာ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်မှ အသက် ၄၀ ကျော်အရွယ် ဦးမောင်နီသာဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့၊ ဆတ်ရိုးကျကယ်ဆယ်ရေး အကွက်(၂)ရှိ ကြက်ဝိုင်းကို ယမန်နေ့ အောက်တိုဘာလ ရ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စစ်တပ်နှင့်ရဲက စစ်ကား ၂ စီးဖြင့်ဝင်လာပြီး ကြက်ဝိုင်းကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက "ကယ်ဆယ်ရေး အကွက်(၁)၊ တပ်ရင်း ၁၂ က စစ်ကား၂ စီးနဲ့လာပြီးဝင်ဖမ်းတာ။ အကွက် (၂)ကို ဝင်တယ်။ အကွက်(၂)လမ်းမပေါ်မှာ ၁ စီး ရပ်တယ်။ အကွက်(၂)ထဲကို ၁ စီးဝင်တယ်။ ခဏကြာတော့ ပစ်သံကြားတယ်။ ကြက်ဝိုင်းကို ဖြိုပစ်တယ်လို့ သိရတယ်" ဟု နိရဥ္စရာကိုပြောသည်။

ယင်းအပြင် သေနတ်ပစ်ခတ်သံကြောင့် စစ်တွေမြို့၊ ဆတ်ရိုးကျအကွက်(၂)မှ အသက် ၇၀အရွယ် အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးသွားသည်ဟုလည်း သိရသည်။



Narinjara က သတင်းများကို အောက်ပါလင့်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

အဆိုပါပစ်ခတ်ဖြိုခွင်းမှုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ သတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်နေသည့် ရခိုင်နေ့စဉ်သတင်းတွင် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ အပါ အဝင် တရားခံ ၁၈ ဦးကို ဖမ်းဆီးရရှိခဲ့သည်ဟု ဖော်ပြသည်။

သို့သော် ၎င်းသေဆုံးသူအလောင်းမှာ မိသားစုထံသို့ လွှဲပြောင်းခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု ဒေသခံများကိုမေးမြန်းစဉ်၎င်းတို့က ပြောကြားကြသည်။

စစ်ကောင်စီ သတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဉ်၏ သတင်းတွင် “ အဆိုပါရပ်ကွက်တွင် လောင်းကစားရုံဖွင့်လှစ်ကာ လူ ၁၅၀ ဦးခန့်မှ ကြက်ဝိုင်း/ဖဲဝိုင်း လောင်းကစားခြင်း ပြုလုပ်နေသည့် အပြင် အော်ဟစ်ဆဲဆို ဆူပူခြင်းများကြောင့် အနီးပတ်ဝန်းကျင်ရှိပြည်သူများ စိတ်ဒုက္ခ ရောက်နေကြောင်း သတင်းပို့လာသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်တားဆီးခဲ့ရာ လူအုပ်စုလိုက် ထွက်ပြေးတိမ်းရှောင်သွားပြီး လူအချို့မှာ ၎င်းတို့အသင့်ကိုင်ဆောင်ထားသော တုတ်/ဓားများဖြင့် လုံခြုံရေးအဖွဲ့ဝင်များကို ဝင်ရောက်ရန်ပြုလာသည့်အတွက် သေနတ် မိုးပေါ်ထောင်ကာ ၅ ချက် ပစ်ဖောက်သော်လည်း ရပ်တန့်ခြင်းမရှိသည့်အပြင် ထပ်မံရန်ပြု လာသဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် ဝင်ရောက်ရန်ပြုသူများအဖွဲ့မှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ အပါ အဝင် တရားခံ ၁၈ ဦးနှင့်အတူ ပိုင်ရှင်မဲ့ဆိုင်ကယ် ၄၁ စီး၊ ဟာရီယာအမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ကြက် ၄ ကောင်၊ ဖုန်း ၇ လုံး၊ ငွေကျပ်ရောရာ ၂၅၅,၀၀၀ ကျပ် ဖမ်းဆီးရမိခဲ့ကြောင်း” ယနေ့ အောက်တိုဘာ ၈ ရက် နံနက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...