ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယနေ့အောက်တိုဘာလ ၈ ရက်၊ နံနက်အရုဏ်တက် ၄ နာရီခန့်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကို နေအိမ်များမှ စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေနှင့် ဥက္ကာပျံရပ်ကွက်နေ ကိုမောင်ဆန်းနှင့် အခြားဒေသခံ ၃ ဦးတို့ဖြစ်ကြသည်။
၎င်းတို့ ၅ ဦးစလုံးအား မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ စစ်ကောင်စီတပ်သားများက ယနေ့ နံနက်အရုဏ်တက်အချိန်တွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဥက္ကာပျံအုပ်ချုပ်ရေးမှူးနဲ့ နောက်ထပ် လေးယောက်ပါသွားတယ်လို့သိရတယ်။ အခြားသူတွေကိုတော့ မသိရသေးဘူး။ မနေ့ကညဥ့်တုန်းက လက်နက်ကြီး လက်နက်ငယ်တွေလည်း ပစ်တယ်။ ပြီးတော့ ဥက္ကာပျံရပ်ကွက်က လက်နက်ငယ် ပစ်သံတွေလည်း ကြားလိုက်ရတယ်။ ဘာအကြောင်းကြောင့်နဲ့ ဖမ်းသွားလဲတော့ ကျနော်လည်းမသိရသေးဘူး" ဟုပြောသည်။
မင်းပြားမြို့တွင် ယမန်နေ့အောက်တိုဘာလ ၇ ရက် ညဥ့်အချိန်က ကြပ်စင်တံတား၊ ကျိန်းတောင်၊ မယ်တော်တောင်နှင့် အခြားစကစ တပ်စွဲထားသည့်နေရာများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ညဥ့်လုံး ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း မင်းပြားမြို့ခံများက ပြောသည်။
"ဖမ်းသွားတာက ငါးယောက်လို့သိရတယ် ဥက္ကာပျံအုပ်မှူးအပါအဝင်။ ဥက္ကာပျံရပ်ကွက်က ဈေးဟောင်းပိုင်းအုပ်စုဘက်ကျမယ် အဖမ်းခံတဲ့သူတွေက။ မနေ့ညညဥ့် ကိုးနာရီလောက်ကနေ စစ်သားတွေက မင်းပြားမြို့ထဲ ပတ်နေတယ်" ဟုပြောသည်။
ထိုသို့ ဖမ်းဆီးမှု၊ ပစ်ခတ်မှုများရှိနေသော်လည်း လက်ရှိတွင် မင်းပြားမြို့မှာ ဈေးဆိုင်အချို့မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ရှိ၍ ပုံမှန်အတိုင်း ဖွင့်လှစ် ရောင်းချနေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်ကမင်းပြားမြို့ ကြပ်စင်တံတားပေါ်တွင် စစ်ကောင်စီတပ်များကို ရက္ခိုင့်တပ်တော်(အေအေ)က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ကာ နောက်ထပ် ဒဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(အေအေ)၏ ယမန်နေ့က သတင်းထုတ်ပြန်ချက်အရသိရသည်။







