မုံရွာ - အမြင့်လမ်းပိုင်း ဖျက်ရန်လာသည့် ရှေ့ပြေးတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက် စစ်ကောင်စီတပ်သားသေဆုံး

မုံရွာ - အမြင့်လမ်းပိုင်း ဖျက်ရန်လာသည့် ရှေ့ပြေးတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက် စစ်ကောင်စီတပ်သားသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မုံရွာ - အမြင့်လမ်းပိုင်းအား သွားလာမှု ပြတ်တောက်စေရန် ရည်ရွယ်၍ ဖျက်ဆီးရန်လာသော ရှေ့ပြေးတပ်ဖွဲ့အား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သုံးဦီးဒဏ်ရာရရှိသွားကြောင်း ဒီမိုကရက်တစ် ပြောက်ကျား တပ်ဖွဲ့ (မုံရွာ) မှ အောက်တိုဘာလ ၆ရက် ယနေ့တွင် ထုတ်ပြန်သည်။

အောက်တိုဘာလ ၄ရက်နေ့ ညနေ ၄နာရီအချိန်၊ မုံရွာ - အမြင့်လမ်း ညောင်ပင်ဇောက် အကွေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းဖျက်ဖို့အတွက် ရှေ့ပြေးလာတဲ့ စစ်ခွေး တပ်စိတ်တစ်စိတ် ကိုဆွဲလိုက်တာဗျ ၊ တစ်ဦးသေ သုံးဦးဒဏ်ရရသွားတယ်” ဟု ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) DGF ဗဟိုကော်မတီအဖွဲ့ဝင် ရဲဘော် ဇေယျ မှ မဇ္စျိမ ကိုပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့များသည် မုံရွာတောင်နယ်နှင့် ချောင်ဦးမြို့နယ်အတွက် အဓိကလမ်းပိုင်းဖြစ်သော မုံရွာ - အမြင့်လမ်းပိုင်းအား မြေကော်စက် (ဘူဒိုဇာ) ဖြင့် ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းအား တာဝန်သိပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည် မြေဖို့ ပြုပြင်ခဲ့သော်လည်း အောက်တိုဘာ ၅ရက်နေ့တွင် အဆိုပါနေရာအား ဒုတိယအကြိမ် အဖြစ် ထပ်မံဖျက်ဆီးသွားခဲ့သည်။

ဒုတိယအကြိမ် လာရောက်ဖျက်ဆီးချိန်တွင် အဆိုပါနေရာရှိ သွယ်တန်းထားသော ရေပိုက်အား ဘက်ဟိုးနှင့် ကုပ်မိသဖြင့် ပိုက်ပေါက်ပြီး မြေတူးထားသောနေရာတွင် ရေများ ပြည့်လျက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ် လယ်ဇင်ရွာထိပ် ဆိုင်းဘုတ်အနီးတံတားနှင့်လမ်းအား ဘတ်ဟိုးကားဖြင့် ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“အဓိက ကတော့ မိန်းလမ်းတွေကို ကွင်းလို့ရတဲ့ ကျေးလက်လမ်းတွေကို ဖြတ်တောက်မယ်ထင်ပါတယ် ၊ မိန်းလမ်းတွေမှာ သူတို့ စစ်ဆေးရေးဂိတ်တွေရှိလို့ အဲဒီလမ်းပိုင်းတွေကနေ ကွင်းမှာစိုးတယ်ထင်တယ်” ဟု ရဲဘော်ဇေယျ မှ သုံးသပ်ပြောဆိုသည်။

သို့သော် စစ်ကောင်စီအတွက် လမ်းပိုင်းဖျက်ခြင်းသည် အကျိုးမများနိုင်ကြောင်း ၎င်းတို့ဖျက်ဆီးပြီး ပြည်သူများက ပြန်လည်ဖို့ကြမှာဖြစ်ကာ ကျေးလက်များအတွက် ယာယီ ကုန်စည်စီးဆင်းမှု နှောင့်နှေးသွားခြင်းသာ ဖြစ်နိုင်ကြောင်း ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးသမားများအတွက် နယ်မြေကျွမ်းကျင်သောကြောင့် ထိခိုက်မှုမရှိနိုင်ကြောင်း သိရသည်။

အောက်တိုဘာလ ၃ရက်နှင့် ၄ရက်နေ့များကလည်း ဒီမိုကရက်တစ် ပြောက်ကျား တပ်ဖွဲ့ (ကနီ) နှင့် တော်လှန်ရေးရဲဘော်များသည် ဒေသတွင်း မဟာမိတ်များနှင့်အတူ အဖွဲ့ သုံးဖွဲ့ခွဲ၍ ချင်းတွင်းမြစ်ကြောင်းသွား စစ်ကောင်စီ ရေယာဉ်များကို ကနီမြို့နယ် အဝင်များဖြစ်သော ချောင်းဝကြီး ၊ ပွတ်လုံးပွတ်လာ နေရာများတွင် လက်နက်ကြီးများ ၊ ပြောင်းတိုက် လျော့တိုက်ဒုံးများ ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ရေယာဉ် တစ်စီး ထိခိုက်မှုရှိပြီး ရန်သူသေဆုံးမှု အတိအကျမသိရကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံစာ - ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...