ကျောက်တော် ခေါင်းတုတ်ရွာကို စစ်တပ်က ညဥ့်အချိန် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၃ လုံးပျက်စီးသွားပြီးနောက် ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေး

ကျောက်တော် ခေါင်းတုတ်ရွာကို စစ်တပ်က ညဥ့်အချိန် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၃ လုံးပျက်စီးသွားပြီးနောက် ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ညဥ့်အချိန်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် ရွာထဲရှိ နေအိမ် ၃ လုံးပျက်စီးသွားပြီးနောက် ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေးနေကြရပြီဟု ရွာသားများက ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့မှုကြောင့် ရွာထဲရှိ ဦးမောင်ညိမ်း၏နေအိမ် ၁ လုံး မီးလောင်ပြာကျသွားခဲ့သလို အနီးအနားရှိ နေအိမ် ၂ လုံးလည်း တစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ခေါင်းတုတ်ကျေးရွာကို ယမန်နေ့ အောက်တိုဘာလ ၅ ရက် ညနေ ၇ နာရီခန့်မှစတင်ကာ ယနေ့ အောက်တိုဘာ ၆ ရက် ညဥ့် ၁ နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များဝင်ရောက်ကာ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ယနေ့ မွန်းတည့်ချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာတွင်းသို့ ထပ်မံဝင်ရောက်လာမည်ဟု သတင်းများကြားသိရသည့်အတွက် ယနေ့ အောက်တိုဘာ ၆ ရက် နံနက်မှစတင်ကာ လုံခြုံသည့်နေရာများသို့ စတင်ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ထွက်ပြေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာကိုပြောသည်။

“စစ်သားတွေက ညဥ့် ၁ နာရီလောက်မှာ ပြန်ပြီးရွာပြင်မှာ ကင်းပုန်း ဝပ်နေတယ်လေ။ သူတို့က အပြီးအပိုင်မသွားဘူး။ အခုလည်း မွန်းတည့် ၁၂ နာရီလောက်ဆို ပြန်ဝင်မယ်လို့ သတင်းကြားလို့ အားလုံးပြေးကြတာ”ဟု ပြောသည်။

အဆိုပါရွာသည် ကျောက်တော်အထက် ရေမိုင်ဖြင့်ဆိုရင် ၃ မိုင်ကျော်ခန့်တွင် တည်ရှိပြီး နေအိမ် ၁၆ဝ နှင့် လူဦးရေ ၇ဝဝ ခန့်ရှိသည်ဟု သိရသည်။

လက်ရှိတွင် ရွာမှ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ ပါမကျန် အားလုံး ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ထွက်ပြေးနေသည့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ခါးဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးနေရတာ။ အိမ်က ပစ္စည်းတွေလည်း ယူခဲ့ရသူတွေရှိတယ်။ မယူခဲ့ရဘဲ ထွက်ပြေး လာရသူတွေလည်းရှိတယ်။ ရွာကို ဘယ်တော့ ပြန်လာနိုင်မလဲဆိုတာလည်း မပြောတတ်ဘူး။ သူတို့ ၁၂ နာရီလောက်မှာ ပြန်ဝင်မယ်လို့ ကြားထားတယ်။ သူတို့ဆက်လို့ဝင်ရင်တော့ ဘယ်ကိုပဲ ရောက်ရောက် ပြေးရတော့မှာပဲ”ဟု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် ယမန်နေ့ ညနေ ၄ နာရီခန့်က ရွာထဲကို ပထမအကြိမ်ဝင်ရောက်ခဲ့ပြီး ပြန်ထွက်သွားကာ ညနေ ရ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာစဉ် ရွာထဲကို သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရွာသားများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ခေါင်းတုတ်ကျေးရွာအနီးရှိ နဂရာကျေးရွာထဲသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲ၍ ဒေသခံများ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...