ရခိုင်စစ်ပွဲများနှင့်ပတ်သက်ပြီးစစ်ကောင်စီ၏လုပ်ရပ်အပေါ် ကြေညာချက် ထုတ်ပြန်သည့် ANP ကို ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံရန်ဖိတ်ခေါ်၊ သွားသင့်မသွားသင့် ပါတီအစည်းအဝေးမှဆုံးဖြတ်မည်

ရခိုင်စစ်ပွဲများနှင့်ပတ်သက်ပြီးစစ်ကောင်စီ၏လုပ်ရပ်အပေါ် ကြေညာချက် ထုတ်ပြန်သည့် ANP ကို ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံရန်ဖိတ်ခေါ်၊ သွားသင့်မသွားသင့် ပါတီအစည်းအဝေးမှဆုံးဖြတ်မည်

မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးဖြစ်ပေါ်မှုတို့ အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်သည်ဆိုသော အချက်အပါအဝင် အချက်လေးချက်ကို တောင်းဆိုထုတ်ပြန်၍ ရခိုင်အမျိုးသားပါတီကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံရန် ဖိတ်ခေါ်ထားသည်ဟု သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံရန် ဖိတ်ခေါ်ထားသော်လည်း တွေ့ဆုံမည်၊ မတွေ့ဆုံမည်ကို ပါတီတွင် အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်မည်ဖြစ်သဖြင့် လောလောဆယ်မပြောနိုင်သေးကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက နိရဉ္စရာသတင်းဌာနကို ယနေ့ ပြောကြားသည်။

“ စာကို မနေ့ကလက်ခံရရှိတာမှန်ပါတယ်။ ကြေညာချက်ထုတ်တာနဲ့ ပတ်သက်ပြီးတွေ့ဆုံလိုတဲ့ သဘောပါ။ ကျွန်တော်ပါတီက သွားမလား၊ မသွားဘူးလားဆိုတာကတော့ အစည်းအဝေးမှာဆုံးဖြတ်ရမှာဖြစ်တဲ့ အတွက် လောလောဆယ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် လက်ရှိရခိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၉ ရက်နေ့က  အချက်(၄)ချက်ပါ  သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းအချက် ၄ ချက်မှာ

၁။ ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်း မပြုကြပါရန်  လက်နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက်မေတ္တာရပ်ခံပါသည်။

၂။ မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံး ဖြစ်ပေါ်မှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်သည်။

 ၃။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြသည့် INGOS NGOS နှင့် CSOsများအား ပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုသည်။

၄။ စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့်မပါတ်သက်သည့်နေရာများအပါအဝင် မြို့နယ်တစ်ချို့အား ကုန်းလမ်း၊ ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု မိမိတို့ ရှု မြင်သည် တို့ဖြစ်ကြသည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဥက္ကဋ္ဌက “ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပြီး ပြင်းထန်လာတဲ့အတွက် အရပ်သားတွေ သေဆုံးထိခိုက် မှုတွေရှိလာတယ်။ ဒဏ်ရာ ရတာတွေရှိလာတယ်။ နောက်ပြီး ပြည်သူတွေနေထိုင်တဲ့ အဆောက်အဦ ပျက်စီးမှုတွေလည်းရှိ လာ တယ်။ ဒါ့ပြင် ဆေးဝါးပစ္စည်း၊ စားကုန်သောက်ကုန်တွေနဲ့ ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှု တွေကိုလည်း တချို့ မြို့နယ်တွေမှာ ကုန်းလမ်းရေလမ်းတွေကိုပိတ်ဆိုထားလို့ ပြည်သူတွေ အစစအရာရာ အကျပ်တည်း ရှိလာပြီး နောက်ထပ်လည်း စစ်ဘေးရှောင်တွေ သောင်းနဲ့ချီများလာတဲ့အတွက် အခုလို သဘောထား ထုတ်ပြန်ရတာဖြစ်တယ်” ဟု ထုတ်ပြန်သည့်နေ့က နိရဉ္စရာကို ပြောဆိုထားသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...