စစ်ကောင်စီတပ်ကခေါ်ယူတွေ့ဆုံပြီးနောက် ကျောက်တော်မြို့နယ်မှဆန်စက်ပိုင် ရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ပျောက်ဆုံးနေ

စစ်ကောင်စီတပ်ကခေါ်ယူတွေ့ဆုံပြီးနောက် ကျောက်တော်မြို့နယ်မှဆန်စက်ပိုင် ရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးကို မြန်မာ့စစ်ကောင်စီတပ်က တွေ့ဆုံရန် ဖိတ်ခေါ်သဖြင့် အဖော်ဖြစ်သူနှင့် တွေ့ဆုံရန်လိုက်သွားပြီးနောက် လက်ရှိတွင် ၎င်းတို့ နှစ်ဦးစလုံး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောကြားသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)နှင့် အပေါက်ဝ ကျေးရွာမှ မောင်ချေ(ခ) ဦးမောင်သာစိုး(၃၉)တို့ ဖြစ်ကြသည်။

အောက်တိုဘာ (၂) ရက် ညနေ ၅ နာရီခွဲတွင် ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက်  (၅၃၉) တပ်ရင်း၊ တပ်ရင်းမှူးက တွေ့ဆုံ ဆွေးနွေး စရာရှိသည်ဟုဆိုကာ ဦးလှမောင်သန်းကို ဖုန်းဆက်ခေါ်သဖြင့်  အဖော်ဖြစ်သူ မောင်ချေ(ခ) ဦးမောင်သာစိုးနှင့် အတူ ၎င်းတပ်ရင်းသို့ သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။

လက်ရှိတွင် သူတို့ နှစ်ဦးမှာ အိမ်ကို ပြန်မရောက်ဘဲ အဆက်အသွယ် မရဖြစ်နေကြောင်း ဦးလှမောင်သန်း၏ ဇနီး ဒေါ်လှအေးဆန်းက နိရဉ္စရာကို ပြောသည်။

"အရင်ကလည်း ခဏခဏခေါ်ဖူးပါတယ်။ ကျမကို အမျိုးသားက အဲ့ဒီကိုသွားတယ်လို့ အတိအကျ ပြောခဲ့ပါတယ်။ ပြန်မရောက်လို့ တစ်ညလုံးဖုန်းဆက်တာမကိုင်ပါဘူး။ နောက်နေ့မနက် ၁၀ နာရီ လောက်ကျတော့ ပြန်ဆက်လာပြီး (၅၃၉) မှာလို့ပြောခဲ့ပါတယ်။ ဖုန်းထပ်ဆက်လို့လည်း မရတော့လို့ ကျမတို့တပ်ကိုသွားပြီးမေးပါတယ်။ တပ်ဂိတ်က ဒီကိုမရောက်ဘူးလို့ပြောပါတယ်။ ကျမတို့အထဲကို ဝင်လည်းမဝင်ခဲ့ရပါဘူး" ဟု ပြောသည်။

(၅၃၉) တပ်ရင်းကိုသွားရောက်မေးမြန်းစဉ်တွင် တပ်တွင်မရှိဟု ပြောသည့်အပြင် အဆက်အသွယ်မရ၍ ၎င်းတို့နှစ်ဦးလုံး၏ မိသားစုများမှာ လွန်စွာစိုးရိမ်မိကြောင်း ပြောသည်။

ဦးလှမောင်သန်းမှာ ကျန်းမာရေးမကောင်းသူဖြစ်ကာ လက်ရှိမည်သည့်နေရာတွင်ထိန်းသိမ်းထားပြီး မည်သို့အခြေအနေရှိသည်ကိုမသိရသည့်အတွက် စိုးရိမ်နေရကြောင်း ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ပြောသည်။

"ကျမအမျိုးသားက ကျန်းမာရေးလည်းမကောင်းပါဘူး။ အမြဲသွေးပေါင်ကျပြီး စိုးရိမ်ရအောင်အထိ ဖြစ်ပါတယ်။ တချိန်လုံးဆေးနဲ့ဝါးနဲ့နေနေရတာပါ။ ရောဂါနဲ့ရော စိတ်ဆင်းရဲတာတွေနဲ့ပါ တခုခုဖြစ်မှာတွေ အဆက်အသွယ်လည်း မရတော့ စိတ်ပူပါတယ်။ ရှိတဲ့နေရာကိုလည်း သိချင်ပါတယ်။ ဖမ်းထားတယ် ဆိုရင် နှစ်ယောက်လုံးကို အမြန်ဆုံးပြန်လွှတ် ပေးစေချင်ပါတယ်"ဟုပြောသည်။

မောင်ချေ(ခ) ဦးမောင်သာစိုး၏ ဇနီးဖြစ်သူကလည်း  ဖမ်းဆီးထားသည် ဆိုလျှင်လည်း ဖမ်းဆီးထားကြောင်း အကျိုးအကြောင်း ပြောပြစေလိုပြီး၊ အပြစ်တစ်စုံတစ်ရာ လုပ်ထားခြင်းမရှိ၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောသည်။

အောက်တိုဘာ (၃) ရက်နေ့က မြောက်ဦးမြို့မှ ဆေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို စစ်တပ်ကဖမ်းဆီးခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း စသည့်မြို့နယ်များမှ ဒေသခံ (၄၀) ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...