စကစမှ ကျင်းပမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲသို့ မသွားကြရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

စကစမှ ကျင်းပမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲသို့ မသွားကြရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို စကစမှဦးဆောင်ပြုလုပ်ရန် စီစဉ်နေ၍ ပြည်သူများအနေဖြင့် ယင်းအခမ်းအနားသို့ မသွားရောက်ကြရန် ထားဝယ် (ပကဖ) ငါးဖွဲ့မှ မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

အရပ်သား အစိုးရလက်ထက်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ် လပြည့်နေ့၌ ပြုလုပ်လေ့ရှိသည်။

အဆိုပါ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို မသွားရောက်ရန် ထားဝယ်ပြည်သူ့ ကာကွယ်ရေးဖွဲ့ (DDT)၊ လောင်းလုံး ပြည်သူ့ ကာကွယ်ရေးဖွဲ့ (LLPDF) တို့အပါအဝင် ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ ငါးဖွဲ့မှ ထိုသို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

“ အခုကာလက တိုင်းပြည် ကမောက်ကမ ဖြစ်နေတဲ့အချိန် စစ်ကောင်စီက ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲကို မသွားစေချင်လို့ပါ။ အဲဒီနေ့မှာ တစ်ခုခု ဖြစ်လာရင် ပြည်သူတွေ ထိခိုက် နစ်နာမှာ စိုးလို့ ပြည်သူတွေကလည်း မသွားဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်”လို့ Dawei Defense Team – DDT အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆို သည်။

သို့သော် မည်သူဦးဆောင်ကျင်းပသည်ဖြစ်စေ ကိုယ့်မြို့ ကိုယ့်ဒေသ၏ ရိုးရာပွဲဖြစ်သောကြောင့် တက်ရောက်မည်ဟု ထားဝယ်ဒေသခံအချို့ကလည်း ပြောဆိုထားသည်။

“ ဒီနှစ် သပိတ်မျှောပွဲ ပါဝင်ဆင်နွဲပါမယ်။ ဒီပွဲကို ပြီးခဲ့တဲ့ နှစ်တွေကလည်း မဆင်နွှဲ လိုက်ရဘူး ”ဟု ထားဝယ်မြို့ခံ တစ်ဦးကဆိုသည်။

ယင်းသပိတ်မျှောပွဲကို ထားဝယ်မြို့နယ်၊ တလိုင်းမရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ မြစ်ကမ်း၌ လာမည့် အောက်တိုဘာ ၉ ရက်၊ သီတင်းကျွတ် လပြည့်နေ့တွင် စစ်ကောင်စီက အခမ်းအနားဖြင့် ကျင်းပသွားရန်ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့ခံပြည်သူများနှင့် ဒေသခံများကဦးဆောင်ကာ သပိတ်မျှောပွဲကို ကျင်းပခဲ့သော်လည်း စစ်ကောင်စီတပ်မှ အကြမ်းဖက် ဖျက်ဆီးခဲ့သည့်အပြင် လူငယ်အချို့လည်း ဖမ်းဆီးခံရဖူးကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အားရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယို အမျိုးမျိုး စသည့်လှူဖွယ်များကို ထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာ သပိတ်မျှောခြင်းဖြစ်သည်။

ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေ စပါး စီးပွားဥစ္စာ ပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ် အဆက်ကတည်းက နှစ်စဉ် ကျင်းပလေ့ရှိသည့် ရိုးရာပွဲတစ်ခုလည်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...