မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် သပိတ်တောင်ကျေးရွာသား (၆) ဦးနှင့် မိသားစုဝင်များ တွေ့ခွင့်မရ

မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် သပိတ်တောင်ကျေးရွာသား (၆) ဦးနှင့် မိသားစုဝင်များ တွေ့ခွင့်မရ

မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာမှ ဒေသခံ (၆) ဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ရက်သတ္တပတ်ကြာသည့်တိုင် မသိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

အဆိုပါကျေးရွာမှ ကိုညွန့်ဝင်း (၃၅) နှစ်၊ ကိုရွှေထွန်း (၃၆) နှစ်၊ ကိုမောင်မြင့်ဝင်း (၃၇) နှစ်၊ မောင်ထွန်းသာလှ (၂၀) နှစ်၊ မောင်သန်းထွန်းအောင် (၁၆) နှစ်နှင့် ကိုမောင်ဖြူ (၃၇) နှစ်တို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုဝင်များကပြောသည်။

၎င်းကျေးရွာသား ၆ ဦးမှာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ရှိနေစဉ် မြန်မာစစ်တပ်က ကြိုးဖြင့်ချည်နှောင်ကာ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအနီးရှိ နခခ (၈) သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းမှတစ်ဆင့် ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းသို့ ပို့ဆောင်လိုက်သည်ဟု ကြားသိရကြောင်း မိသားစုဝင်များကဆိုသည်။

“ဖမ်းတုန်းကတော့ နခခ (၈)ကိုခေါ်သွားတာ။ အခုက ခလရ (၂၆၃) တပ်ရင်းကို ပြောင်းလိုက်တယ်ဆိုလို့ မနေ့က အဲဒီတပ်ရင်းမှာ သွားကြည့်တယ်။ သူတို့ (စစ်သား) တွေက ဒီတပ်ရင်းမှာမရှိဘူးလို့ပြောတယ်။ တွေ့ခွင့်မရခဲ့ဘူး။ သူတို့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ အမှန်ကိုသိချင်ပါတယ်”ဟု ကိုညွန့်ဝင်း၏ ဇနီး မခင်စိုးသန်းက DMG ကိုပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသူများထဲမှ မောင်ထွန်းသာလှနှင့် မောင်သန်းထွန်းအောင်တို့မှာ ညီအစ်ကိုတော်စပ်ပြီး မောင်ထွန်းသာလှမှာ စိတ်မနှံ့သူဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆက်အသွယ်မရသေး၍ စိုးရိမ်နေရကြောင်း ၎င်းတို့၏ ဖခင် ဦးအောင်ထွန်းစိန်ကပြောသည်။

“အခုဆိုရင် ဖမ်းသွားတာ ၁၀ ရက်လောက်ရှိပြီ။ အခုထိ သားနှစ်ယောက်နဲ့ အဆက်အသွယ်မရသေးဘူး။ သူ့အမေဆိုရင် သားတွေစိတ်ကြောင့် နေမကောင်းဖြစ်ပြီးတော့ ရူးမတတ်ဖြစ်နေတယ်။ သားနှစ်ယောက်က မိဘနှစ်ပါးကို လုပ်ကျွေးနေတာပါ။ သူတို့မှာ ဘာမှအပြစ်မရှိပါဘူး”ဟု ၎င်းကဆိုသည်။

သပိတ်တောင်ကျေးရွာသား ၆ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က နခခ (၈) မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သပိတ်တောင်ကျေးရွာမှ လူဦးရေ ၃၀၀ ကျော်မှာ ဘူးသီးတောင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ထို့နောက် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျန်နေခဲ့သည့်ရွာသားများကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။ လက်ရှိတွင်လည်း မြန်မာစစ်တပ်က ကျေးရွာအတွင်းတွင်ရှိနေ၍ ရွာသားများမှာ နေရပ်မပြန်ကြသေးပေ။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးလကျော်အတွင်း မြန်မာစစ်တပ်က သံသယဖြင့် ဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိပြီး ယင်းအထဲမှ လူဦးရေ ၆၀ ကျော်မှာ ယနေ့အချိန်ထိ မလွတ်မြောက်ဘဲရှိနေသေးသည်။

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများမှာလည်း သံသယဖြင့်ဖမ်းဆီးခံရမှု ဆက်လက် မြင့်တက် လာနေသည်။

# R007

ပုံစာ- မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် သပိတ်တောင်ကျေးရွာသားအချို့။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...