ကယားတွင် လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တစ်လအတွင်း ဒေသခံ ၉ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရ

ကယားတွင် လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တစ်လအတွင်း ဒေသခံ ၉ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရ
မိုးဗြဲမြို့အတွင်းသို့ သံချပ်ကာကားအသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်နေစဉ်။ ဓာတ်ပုံ - KNDF
မိုးဗြဲမြို့အတွင်းသို့ သံချပ်ကာကားအသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်နေစဉ်။ ဓာတ်ပုံ - KNDF

ကယား (ကရင်နီ) ပြည်နယ်တွင် လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဒေသခံ (၉) ဦးသေဆုံးခဲ့ကာ (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) မှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်လအတွင်းက စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၅၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNDF ၏ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်ကဆိုသည်။

တိုက်ပွဲနေရာများမှာ ဒီးမော့ဆိုမြို့နယ်တွင် (၁၈) ကြိမ်၊ ဖရူဆိုမြို့နယ်တွင် (၁၄) ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် (၁၁) ကြိမ်၊ မိုးဗြဲမြို့နယ်တွင် (၉) ကြိမ်၊ ရှားတောမြို့နယ်တွင် (၃) ကြိမ်၊ ဘောလခဲမြို့နယ်တွင် (၂) 11ကြိမ်တို့ ဖြစ်ကြောင်း သိရသည်။

KNDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီတပ်တွေ အင်အားရာချီနဲ့ ကရင်နီဒေသထဲကို အလုံးအရင်း စစ်ကြောင်းဖြန့်တာတွေရှိတယ်။ အဲဒါကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများတယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့ကလည်း အကျအဆုံးတွေ ရှိခဲ့ပါတယ်”ဟု ပြောသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်၏ လေကြာင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လက်နက်ကြီး ကျည်အချို့မှာ ကျေးရွာများနှင့် စစ်ရှောင်စခန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည်ဟုဆိုသည်။

ယင်းသို့သေဆုံးသူများထဲတွင် ကရင်နီဆေးဝန်ထမ်းတစ်ဦး၊ ကလေးသူငယ် (၃) ဦးနှင့် သက်ကြီးရွယ်အို ၅ ဦးတို့ပါဝင်ကြောင်း စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတစ်ဦးက ပြောသည်။

“စစ်ရှောင်စခန်းထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ ပစ်ခတ်တာနဲ့ မိုင်းထောင်ထားတာတွေကြောင့် ဆေးဝန်ထမ်းတစ်ဦးနဲ့ ကလေးသူငယ်တွေ အသက်ဆုံးရှုံးခဲ့ရတယ်။ သက်ကြီးရွယ်အိုတွေဆိုရင် အိမ်ထဲကို လက်နက်ကြီးကျည်ကျလို့ အသက်ဆုံးရှုံးခဲ့ရတာ ပိုများတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ပြောဆိုချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လက်ရှိတွင်လည်း ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခြင်း၊ တပ်ဖြန့်ထားခြင်းတို့ရှိနေ၍ ဒေသခံများ ကျေးရွာများသို့ အလျှင်စလိုမဝင်ရောက်ကြရန် KNDF ပူးပေါင်းအဖွဲ့မှ သတိပေးထားသည်။

KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးက “ရွာထဲ၊ မြို့ထဲကို အချို့တိမ်းရှောင်နေတဲ့သူတွေ ပြန်ဝင်ဖို့ လုပ်နေကြတာ ရှိတယ်။ စစ်ကောင်စီတပ်ဘက်က အချိန်မရွေးတိုက်ပွဲပြန်စဖို့ လုပ်နေတာလည်းရှိနေတယ်”ဟု ဆိုသည်။

ကယား (ကရင်နီ) ဒေသတွင် ၂၀၂၂ ခုနှစ် ဧပြီလမှစပြီး စက်တင်ဘာလအထိ စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံနှစ်သိန်းကျော်အထိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...