စစ်ကြောင်းသွားရန် လမ်းရှင်းသည့်အနေဖြင့် ကျောက်တော် ၅၃၉ တပ်ရင်းမှ ပစ်ခတ်သည့်လက်ကြီးကျည်များ ကျေးရွာများအနီးကျရောက်နေ၍ ရွာသားများထွက်ပြေးနေရ

စစ်ကြောင်းသွားရန် လမ်းရှင်းသည့်အနေဖြင့် ကျောက်တော် ၅၃၉ တပ်ရင်းမှ ပစ်ခတ်သည့်လက်ကြီးကျည်များ ကျေးရွာများအနီးကျရောက်နေ၍ ရွာသားများထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ် အစပ် ဒေးဝန်းချောင်းအနီးဝန်းကျင်ကို ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းမှ အတွဲလိုက် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေသဖြင့် အနီးအနားရှိ ကျေးရွာသားများထွက်ပြေးနေကြရသည်ဟု သတင်းရရှိသည်။

ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်မှ စပြီး အတွဲလိုက် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေပြီး ၎င်းလက်နက်ကြီးကျည်များမှာ ဒေဝန်း၊ ဒေဝန်းချောင်း အနီးဝန်းကျင်၊ ချောင်းတူရွာ အနီးဝန်းကျင်နှင့် လယ်ကွင်းများကို ကျရောက်နေသည်ဟု  ဒေသခံတစ်ဦးက ပြောကြားသည်။

“ တစ်ခါပစ်ရင် နှစ်လုံးထွက်တဲ့ လက်နက်ကြီးနဲ့ ပစ်တာပါ။ အခု ၈ လုံးလောက်ကျပါပြီ။ တိုက်ပွဲမရှိသေးဘူး။ သူတို့ပစ်နေတာ။ ဒေဝန်းချောင်း တံတားအနီး၊ ဘုရားပေါ် (ရွက်ညှိုးတောင်) အဲဒီဘက်ကို ကျနေတယ်။ ကျောက်တော်နယ်စပ် မော်ရွာနယ်ခွဲဘက်ကို ပစ်နေတာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်းပစ်ခတ်သည့် နေရာအနီးတွင် တည်ရှိသည့် ဆားတွင်းတောင်က စကစ စစ်ကြောင်း ဆင်းလာသည်ဟု သတင်းရပြီး သူတို့အတွက် လမ်းကြောင်းရှင်းသည့်အနေဖြင့် ပစ်ခတ်ပုံရကြောင်း ဒေသအတွင်း စစ်ရေးအခြေအနေများကို လေ့လာနေသူ တစ်ဦးက ပြောသည်။

“ အခု ကျွန်တော်တို့ ကြားရတာ အဲဒီလက်နက်ကြီးနဲ့ ပစ်တဲ့ အနီးမှာ ဆားတွင်းတောင်ဆိုတာ ရှိပါတယ်။ အဲဒီက စစ်တပ် စစ်ကြောင်း ဆင်းလာတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းအတွက် လမ်းရှင်းတဲ့ အနေနဲ့ ပစ်ခတ်ပုံရပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ၍ ဒေးဝန်း၊ ဆောင်းတုံ ကျေးရွာများမှ ရွာသားများထွက်ပြေးနေကြရပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ဗုဒ္ဓေါကျေးရွာ၊ ကွမ်းအုံစု၊ ရွက်ညိုးတောင် (ဘုရားပေါ်) ကျေးရွာများမှ ရွာသားများလည်း ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

လက်ရှိအချိန်ထိ အဆိုပါ ဒေသမှ ထွက်ပြေးရသူ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိသွားပြီဟု သိရသည်။

(ဓာတ်ပုံ- ပုံဟောင်း)

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...