စစ်ကောင်စီဖမ်းဆီးထားသည့် အမ်းမြို့နယ်လောင်းရာပြင်ရွာသား ၉ ဦးအထဲမှ ၄ ဦးကိုပြန်လွှတ်ပြီး ၅ ဦးကိုဆက်လက်ဖမ်းဆီးထား

စစ်ကောင်စီဖမ်းဆီးထားသည့် အမ်းမြို့နယ်လောင်းရာပြင်ရွာသား ၉ ဦးအထဲမှ ၄ ဦးကိုပြန်လွှတ်ပြီး ၅ ဦးကိုဆက်လက်ဖမ်းဆီးထား
ဓာတ်ပုံ- မြေပုံမြို့နယ် စညင်းစစ်ဘေးရှောင်စခန်းကို စစ်သားများ ဝင်ရောက်စစ်ဆေးနေပုံဖြသည်။ ဓာတ်ပုံဟောင်း
ဓာတ်ပုံ- မြေပုံမြို့နယ် စညင်းစစ်ဘေးရှောင်စခန်းကို စစ်သားများ ဝင်ရောက်စစ်ဆေးနေပုံဖြသည်။ ဓာတ်ပုံဟောင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လောင်းရာပြင်ရွာမှ မှိုသွားရှာသည့် ကျေးရွာသား ၉ ဦးကို စစ်ကောင်စီတပ်က နေရာ ၂ ခုမှ ၅ ဦး တစ်အုပ်စု၊ ၄ ဦးတစ်အုပ်စု သီးခြားစီဖမ်းဆီးခဲ့ပြီး ဒုတိယအုပ်စုထဲက ၄ ဦးကို ၇ နာရီကြာ စစ်ဆေး မေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ပထမအဖမ်းခံရသူ ၅ ဦးကို ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

ဆက်လက် ဖမ်းဆီးခံရသူများမှာ ကိုဝင်းမင်းအာင် (၂၃ နှစ်) ၊ ကိုဝင်းမြင့် (၃၂ နှစ်)၊ ဦးမောင်လုံးချို (၄၃ နှစ်)၊ ကိုညီသန်းချေ (၃၃ နှစ်) နှင့် ကိုမောင်မောင်စိုး (၂၆ နှစ်) တို့ဖြစ်ကြသည်။

သူတို့သည် ယမန်နေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် လောင်းရာပြင်ရွာမှ စက်လှေဖြင့် မိနစ် ၅၀ ခန့်သွားရသည့် တော ၃ဝ အမည်ရှိတောင်သို့ မှိုရှာသွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ၅ ဦးကို ရေမသိမ်ဆိပ်ကမ်းအနီး ချောင်းနားတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး မည်သည့်အတွက် ဖမ်းဆီးသွားသည်ကိုလည်းမသိရဘဲ ယခုအချိန်ထိ မိသားစုနှင့်လည်း အဆက်အသွယ်မရဟု သိရသည်။

နောက်ထပ် မှိုသွားရှာသည့် လောင်းရာပြင်ရွာသား ၄ ဦးကိုလည်း ညောင်ချောင်းဆိပ်ကမ်းအနီး ယမန်‌နေ့ နံနက် ၈ နာရီခန့်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင် မေးမြန်းပြီး ‌နေ့လယ် ၃ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သူတို့နှင့်နီးစပ်သူ တစ်ဦးက နိရဥ္စရာကို ‌ပြောသည်။

"မင်းတို့ (AA) ကိုသိတယ်မလား။ မင်းတို့ (AA) ကို ရိက္ခာတွေထောက်ပံ့တယ် မလား။ (AA) ဘယ်မှာလဲဆိုတာသိတယ်မလားပြော။ မပြောရင်အလွတ်ပေးဘူး။ (AA) ရှိတဲ့‌နေရာပြောမှ မင်းတို့ကိုပြန်လွတ်ပေးမယ်လို့ ပြောတယ်" ဟု ပြောသည်။

ထို ၄ ဦးမှာ (AA) နှင့်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး မိမိတို့ မိသားစုစားဝတ်‌နေရေးအတွက် တစ်ရက်စာတစ်ရက် ရှာဖွေစားသောက် နေရသူများဖြစ်သည်ဟုပြောဆို၍ လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လောင်းရာပြင်မှ ရွာသားများမှာ ရေလုပ်ငန်းကို အဓိက မှီခို၍ လုပ်ကိုင် စားသောက် ကြပြီး တော ၃ဝ တောင်ဘက်သို့လည်း စက်လှေဖြင့် မှိုရှာသွားလေ့ရှိသည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...