ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ "ကြယ်နီလှမြင့်"ဖောင်ဒေးရှင်းက သက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့်ကျောင်းသား၊ ကျောင်းသူများအတွက် ပထမအကြိမ် ပညာသင်ဆုလျှောက်လွှာခေါ်ယူနေသည်ဟု သိရသည်။
ပညာရေးတက္ကသိုလ်/ ပညာရေးကောလိပ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်စသည့် တက္ကသိုလ်များသို့တက်ရောက်ရန် နွမ်းပါးပြီး အခက်အခဲရှိနေသည့်ကျောင်းသူ၊ ကျောင်းသားများကိုခေါ်ယူနေခြင်းဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် ပညာသင်ဆုလျှောက်လွှာများကို ယနေ့ စက်တင်ဘာလ ၂၇ ရက်မှစ၍ လျှောက်ထားနိုင်ပြီဟု ဖောင်ဒေးရှင်းမှအတွင်းရေးမှူး ဦးအောင်ကြည်မိုးက နိရဥ္စရာကိုပြောသည်။
"ပညာသင်ဆုပေးတယ်ဆိုတာက အရည်အချင်းရှိပြီး ကျောင်းဆက်မတက်နိုင်တဲ့သူတွေကိုအဓိကရည်ရွယ်ပြီး ထောက်ပံ့ကြေးပေးတာပါ။ ဆရာတို့က ငွေပမာဏက မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဆရာတို့ထောက်ပံ့မှုသည် ကျောင်းသားတွေအတွက် တစ်လစာမလုံလောက်ရင်တောင်မှ အထောက်အပံ့တစ်ခုဖြစ်နိုင်အောင် ကျောင်းအတွက် ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးမှာပါ"ဟုပြောသည်။
အဆိုပါတက္ကသိုလ်တစ်ခုချင်းစီအတွက် ပညာသင်ဆု လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနက် တစ်ဦးစီကိုသာရွေးချယ်သွားမည်ဖြစ်ပြီး စုစုပေါင်း ၃ ဦးကို တစ်နှစ်စာထောက်ပံ့ကြေးပေးမည်ဖြစ်သည်။
ရခိုင်ပြည်ဒေသတွင် ထူးချွန်ထက်မြက်ပြီး ပညာတတ်များ၊ လူတော်တွေဖြစ်ထွန်းလာစေရန်၊ နောက်ပြီး ထိုလူတော်များသည် မိမိရခိုင်ပြည်ကို အကျိုးပြုလာနိုင်စေရန်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ထောက်ပံ့ရခြင်းဖြစ်သည်ဟု ဦးအောင်ကြည်မိုးက ဆိုသည်။
"ဒီနှစ်က အစဆိုတော့ အတွေ့အကြုံယူတဲ့အနေနဲ့ ပညာသင်ဆုကိုတစ်နှစ်ထောက်ပံ့ပေးမှာ။ ရန်ပုံငွေအခြေအနေအရ နောက်နှစ်များမှာလည်း ဒီထက်မက ဆက်လက်တိုးမြှင့်ပြီး ကျောင်းသားအများကိုလည်း ထောက်ပံ့ပေးနိုင်သည်ထိ ဆောင်ရွက်ပေးနိုင်အောင်စီစဉ်နေပါတယ်"ဟု ပြောသည်။
လျှောက်ထားလိုသူများအနေဖြင့် စစ်တွေမြို့၊ ဆတ်ရိုးကျစက်မှုရပ်ကွက်သစ်ရှိ ကြယ်နီလှမြင့်ဖောင်ဒေးရှင်းရုံးမှလျှောက်လွှာများရယူ လျှောက်ထားပေးပို့ရမည်ဖြစ်သလို ကြယ်နီလှမြင့်ဖောင်ဒေးရှင်း facebook page မှလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ကြယ်နီလှမြင့်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးမည့် ပညာသင်ဆုကို ရယူလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရခိုင်ရှိ မြို့နယ်စာစစ်ဌာနတစ်ခုခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ထားသူဖြစ်ရမည်ဖြစ်ပြီး မိဘမဲ့၊ မိမဲ့ဘမဲ့ သို့မဟုတ် ပညာဆက်လက်သင်ယူရန် ဆင်းရဲနွမ်းပါးပြီး အခက်ခဲရှိနေသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ပညာသင်ဆုလျှောက်ထားမည့် ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်ရေးအကျဉ်း၊ မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္ထူနှင့် နေရပ်လိပ်စာ၊ တက်ရောက်သင်ကြားမည့် သက်မွေးဝမ်းကျောင်းတက္ကသိုလ်များ ၏ဝင်ခွင့်လျှောက်လွှာ ခေါ်ယူစာ မိတ္တူတို့ကို ပူးတွဲတင်ပြကာ ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း ပညာသင်ဆုလျှောက်လွှာ၌ အပြည့်အစုံ ဖော်ပြထားရမည်ဟုလည်း သိရသည်။
ရခိုင်မှ နွမ်းပါးသည့်ကျောင်းသူ၊ ကျောင်းသားများနှင့် ထူးချွန်းသည့်စာပေပညာရှင်များအား ချီးမြှင့်နိုင်ရန် ကြယ်နီလှမြင့်ဖောင်ဒေးရှင်းကို စစ်တွေတွင် ပြီးခဲ့သည့် သြဂုတ်လ ၂ဝ ရက်က စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။







