ရသေ့တောင်မြို့နယ် အထက်နန်းရာစေတီတောင်ပေါ်ရှိနယ်ခြားစောင့်စခန်းကို အေအေကလက်နက်ကြီးဖြင့်ပစ်ခတ်၍ စခန်းမီးလောင်၊ ရသေ့တောင် တပ်ရင်းများကအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့်ပစ်ခတ်

ရသေ့တောင်မြို့နယ် အထက်နန်းရာစေတီတောင်ပေါ်ရှိနယ်ခြားစောင့်စခန်းကို အေအေကလက်နက်ကြီးဖြင့်ပစ်ခတ်၍ စခန်းမီးလောင်၊ ရသေ့တောင် တပ်ရင်းများကအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့်ပစ်ခတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီးရှိ အထက်နန်းရာ စေတီတောင်ပေါ်တွင် တပ်စွဲထားသည့် စကစ နယ်ခြားစောင့်စခန်းကို ယမန်နေ့ ညနေက ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်သည့် အတွက် စခန်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု အနီးအနားရှိ စေတီပြင် ကျေးရွာသားတစ်ဦးက ပြောသည်။

"အေအေက ပထမဆုံး အာပီဂျီနဲ့ ထုလို့ မီးလောင်သွားတဲ့အခြေအနေပါ။ စေတီတောင်ပေါ်မှာ သူတို့က အဆောင်ငယ်လေးတွေကို တောင်တစ်လျှောက် ဆောက်ထားပါတယ်။ အေအေက လက်နက်ကြီးနဲ့ စပစ်တာပါ။  မြောက်ဘက်ခြမ်းက အဆောင်တွေကိုထိတယ်။ ခဏနေတော့ စစ်တပ်စခန်းကုန်း တွေဘက်ကလည်း ပြန်ပစ်တယ်။ ပြီးတော့မှ သေနတ်သံတွေအများကြီးထွက်လာတာပါ ။  အဲဒီအဆောင်တွေကနေ မီးခိုးတွေထွက်လာတာတော့ ပတ်ဝန်းကျင်က မြင်ရပါတယ်”  ဟု ပြောသည်။

၎င်းပစ်ခတ်မှုကို စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က စကြားရပြီး သေနတ်ပစ်ခတ်သံများကို  မိနစ် ၄၀ ကျော်ကြာကြားခဲ့ရသည်ဟု ဆိုသည်။

“  စခန်းသိမ်းတိုက်ပွဲတော့ မဟုတ်ဘူးထင်ပါတယ်။ လက်နက်ကြီးနဲ့ စခန်းကိုပစ်တဲ့ ပုံစံမျိုးဘဲ ထင်ပါတယ်။ အေအေက လက်နက်ကြီးနဲ့ ပစ်ခတ် သွားတဲ့ပုံစံပါ။ စခန်းကိုထိသွားတော့ အသေအပျောက် ဒဏ်ရာရတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အရပ်သားတွေအနေနဲ့ အတိအကျ သိဖို့ မလွယ်နိုင်ဘူး” ဟု ၎င်းက ပြောဆိုသည်။

အေအေက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက်  ရသေ့တောင်အခြေစိုက် (၅၃၆) တပ်ရင်းက လက်နက်ကြီးများဖြင့် ည ၆ နာရီကနေ ၁၀ နာရီထိ အထက်နန်းရာ ချောင်းတစ်ဝိုက်ကို  ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"ပစ်ခတ်သံတွေကို မိနစ် ၄၀ လောက်အထိက ဆက်တိုက်ကြားရတယ်။ လက်နက်ကြီးပစ်သံတွေလည်း အချက် ၂၀ ကျော်လောက် ကြားရတယ်။ နောက်ထပ်က ရသေ့တောင် (၅၃၆) က လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တယ်။ ည ၆ နာရီကနေ ၁၀ နာရီထိ ၁၀ လုံးလောက်ပစ်ခဲ့တယ်။ အဲဒီနယ်ခြားစောင့် စခန်းကတော့ ကျမသွားဘူးလို့သိရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခံရသည့် နယ်ခြားစောင့်စခန်းသည် မေယုတောင် အရှေ့ခြမ်း ကျောက်ပန်းတူ- စေတီပြင် အကြား ဖောက်လုပ်ထားသည့် ကားလမ်းဘေး အဝင်၀ရှိ အထက်နန်းရာ စေတီတောင်ပေါ်တွင် တည်ထားသည့် စခန်းဖြစ်သည်။ ၎င်းကားလမ်းကို စေတီပြင် ကျောက်ပန်းတူ တောင်ကျော်ကားလမ်းဟု လူသိများပြီး မေယုတောင်ကို ဖြတ်ကာ မောင်တောမြို့နယ် တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းကို များမကြာမီ နှစ်ပိုင်းအတွင်းက ဖောက်လုပ်ထားပြီး စစ်ရေးအရ အရေးပါသောနေရာတွင် တည်ရှိသည့် စခန်းဖြစ်သည်။ ၎င်းစခန်းတွင် စစ်ကောင်စီတပ်သား ၇၀ ကျော်ခန့်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ယခုနေရာက အရှေ့ဘက်၊ မေယုမြစ်တစ်ဘက်ကမ်း၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေစိုးချောင်းဗျူဟာအနီးရှိ မညင်းတောင် ကျေးရွာဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၃၁) ရက်နေ့တွင်လည်း ရေစိုးချောင်းဗျူဟာမှ ရိက္ခာဆင်းယူသည့် စစ်ကြောင်းကို အေအေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်၍ စစ်ကောင်စီတပ်သား (၄) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် သြဂုတ်လ ၁၃ ရက်နေ့ကလည်း ဒုံးပိုက်နှင့် ချိန်ခါလိန် ကျေးရွာအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ရင်းခွဲတစ်ခုလုံးကျဆုံးမှုရှိခဲ့ပြီးနောက်  အငူမော်ကားလမ်းကို စစ်ကောင်စီက ယနေ့ အချိန်ထိ ပိတ်ထားခဲ့သည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...