မနွယ်သန္တာဝင်းအမှုသံသယဖြင့် တရားစွဲခံထားရသူမောင်မျိုးချစ်စိုးကို စစ်တွေရဲစခန်းအချုပ်ကနေ ထောင်ကိုပြောင်း၊ ထောင်ကွာရန်တင်း ဝင်နေရ၍ရုံးမထုတ်ဖြစ်ဟုဆို

မနွယ်သန္တာဝင်းအမှုသံသယဖြင့် တရားစွဲခံထားရသူမောင်မျိုးချစ်စိုးကို စစ်တွေရဲစခန်းအချုပ်ကနေ ထောင်ကိုပြောင်း၊ ထောင်ကွာရန်တင်း ဝင်နေရ၍ရုံးမထုတ်ဖြစ်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်းအမှုတွင် သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ကမ်းထောင်းကြီးမြို့ကမောင်မျိုးချစ်စိုးကို ရဲစခန်းအချုပ်က စစ်တွေထောင်သို့ များမကြာမီက ပြောင်းရွှေ့လိုက်ပြီး  ယနေ့တွင် ရုံးချိန်းရှိသော်လည်း  ထောင် ကွာရန်တင်းဝင်နေရ၍  ယနေ့တွင် ရုံးမထုတ်ခဲ့ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

"ဒီနေ့ ကျွန်မသား ရုံးချိန်းရှိတယ်။ ဒါပေမဲ့ ရုံးထုတ်မပါဘူး။ ‌ထောင်ချုပ်က စခန်းမှူးက ကွာရန်တင်း ဝင်နေရတယ်လို့ပြောပါတယ်။ ကိုဗစ်ဖြစ်တာတော့ မဟုတ်ဘူး။ ထောင်ချုပ်ကိုရောက်ရင် ကွာရန်တင်းဝင်ရတယ်လို့ ပြောပါတယ်။ ဝင်တာဘယ်လောက်ကြာနေပြီလည်း မသိရဘူး။ ဘယ်နေ့ပြန်လာရမလဲ မသိသေးပါဘူး" ဟု သူမက ပြောသည်။

လက်ရှိတွင် ‌မောင်မျိုးချစ်စိုးမိခင်ဖြစ်သူမှာ နောက်ထပ် ရုံးချိန်းမည်သည့်နေ့ ကျပြီး မည်သည့်နေ့ ပြန်လာရမည်ကို မသိရသေးသဖြင့် တရားရုံးရှေ့တွင် ထိုင်စောင့်နေသည်ဟု ပြောသည်။

ယခုအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေကို နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

စစ်တွေမြို့ မေယုလမ်း၊ ဘောလုံးကွင်းရပ်ကွက်ရှိ ပလပ်စတစ်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း (၁၈ နှစ်) သည် ဝမ်းဗိုက်အတွင်း ဓားထိုးဒဏ်ရာနှင့် လည်ပင်းတွင် ညိုမဲ ဒဏ်ရာများဖြင့် သြဂုတ်လ ၁၅ ရက်နေ့က အဆိုပါဆိုင်ခန်းတွင် အသတ်ခံလိုက်ရပြီး နောက်တစ်နေ့ သြဂုတ်လ ၁၆ ရက်တွင် ၎င်းဆိုင်နှင့် ဘေးချင်းကပ်ရှိ ဂတ်စ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မောင်မျိုးချစ်စိုးကို ရဲက သံသယဖြင့်ဖမ်းဆီးကာ လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မနွယ်သန္တာဝင်းအသတ်ခံရမှုကို ရဲနှင့် ရက္ခိုင့်တပ်တော် (AA) တို့က ကိုင်တွယ်လျက်ရှိစဉ် ပြစ်မှုကျူးလွန်ခဲ့သူမှာ ဆိုင်မန်နေဂျာဖြစ်သူ ကိုမျိုးမြင့်ဇော်ဖြစ်သည်ဟု AA ပြောခွင့်ရသူက သြဂုတ်လနောက်ဆုံးပတ်တွင် ထုတ်ဖော်ပြောဆိုထားသည်။

သူ့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က ဒေသတရားရုံးတစ်ခုတွင် ရက္ခိုင့်တပ်တော် (AA) က ရုံးထုတ်စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။

မနွယ်သန္တာဝင်းအသတ်ခံရမှုကိစ္စကို ကိုယ်တွယ်စုံစမ်းနေရသည့် စစ်တွေမြို့မ ရဲစခန်းမှ နယ်ထိန်းရဲ အရာရှိ ရဲအုပ်သိပ္ပံသည်စက်တင်ဘာလ ၈ ရက် ည ရ နာရီခန့်တွင် စစ်တွေမြို့ လမ်းမကြီး ဆေးရုံကြီးအနီးရှိ မီးပွိုင့်တွင် ဆိုင်ကယ် မီးပွိုင့်မိနေချိန် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသွားသည့် အတွက် ဦးခေါင်း၌ ကျည်ဆံဒဏ်ရာ ၂ ချက်ဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...