တပ်နယ်မြေနှင့် မလွတ်ကင်းဟုဆိုကာ မင်းဂံရပ်ကွက်မှ နေအိမ် ၆ အိမ်ကို နောက်ဆုတ်ခိုင်း

တပ်နယ်မြေနှင့် မလွတ်ကင်းဟုဆိုကာ မင်းဂံရပ်ကွက်မှ နေအိမ် ၆ အိမ်ကို နောက်ဆုတ်ခိုင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခလရ ၃၅၄ တပ်ရင်း တပ်နယ်မြေခြံစည်းရိုးနှင့် မလွတ်ကင်းဟုဆိုကာ မင်းဂံရပ်ကွက် အကွက် (၁၀) ကယ်ဆယ်ရေးလမ်းရှိ နေအိမ် (၆) အိမ်ကို ၁၀ ပေခန့်စီ နောက်ဆုတ်ခိုင်းထားသဖြင့် ဆုတ်ပေးလိုက်ရသည်ဟု အိမ်ပိုင်ရှင်များကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်ခန့်က ခလရ ၃၅၄ တပ်ရင်းမှ ဗိုလ်မှူးများအပါအဝင် ရဲသားများနှင့် ရပ်ကွက်လူကြီးများက တပ်နယ်မြေထဲတွင် ပါဝင်နေသည်ဟုဆိုကာ နေအိမ်ဖြိုဖျက်ပေးရန်ပြောကြားခဲ့သည်။ ယင်းနောက် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံရောက်ရှိလာပြီး ချက်ချင်းဖြိုရန်ပြောသဖြင့် ဖြိုပေးလိုက်ရသည်ဟု အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

“သူတို့ တနင်္ဂနွေနေ့ မနက် ၈ နာရီကရောက်လာပြီး အိမ်ကိုချက်ချင်းဖြိုပေးရမယ်ပြောတော့ ကျမတို့မှာ ထမင်းလည်းမချက်ခဲ့ရဘူး။ အားလုံးပစ္စည်းတွေစုပြီး အိမ်ကို အကုန်လုံးဖြိုပေးလိုက်ရတယ်။ ခဏလေးဆိုတာတောင် ပြောဖို့မရဘူး။ ဖြိုဆိုရင် ဖြိုပေးလိုက်ရတယ်။ မျက်ရည်စက်လက်နဲ့ ထမင်းလည်း မစားလိုက်ရဘူး။ ကျမတို့က ပြန်ပြောရင်လည်း သေနတ်တွေနဲ့ပစ်မှာကြောက်တယ်။ သူတို့က အာဏာရှိတာကို“ဟု သူကပြောသည်။

ထိုသို့ နေအိမ်ဖြိုပေးလိုက်ရသောကြောင့် တခြားနေရာတစ်ခုတွင် တစ်လငါးသောင်းကျပ်ဖြင့် ငှားရမ်းကာ နေထိုင်နေရသည်ဟု နောက်ထပ်အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

“ကျမတို့မှာ ပိုက်ဆံလည်း ရှိတာမဟုတ်ပါဘူး။ သားသမီး ၃ ယောက်နဲ့ ရှာစားနေရတာပါ။ ကျမတို့ ကိုယ့်အိမ်လေးနဲ့တော့ နေချင်တာပေါ့။ အခု အိမ်တစ်အိမ်လုံးဖြိုပေးလိုက်ရတော့ ကျမတို့မှာ နေစရာမရှိလို့ တစ်လ ၅ သောင်းနဲ့ အိမ်ငှားပြီးနေနေရတယ်။ ကျမမှာ ဒီအိမ်နဲ့ခြံကို သိန်း ၄၀ ကျော်နဲ့ ဝယ်ထားတာပါ။ အခု ကျမတို့မှာ နေစရာတောင်မရှိတော့ဘူး“ဟု သူကပြောသည်။

၎င်းမြေများမှာ ပြီးခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ ရပ်ကွက်လူကြီးများမှ တစ်ဆင့် ဝယ်ယူခဲ့ကြခြင်းလည်းဖြစ်သည်။

ထို့အပြင် ‌တပ်နယ်မြေနှင့် မလွတ်ကင်းသည့် နေအိမ်များကို ၁၀ ပေခန့် နောက်ဆုတ်ပေးရန်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ တစ်အိမ်လုံးကိုဖြိုဖျက်ပြီး အသစ်ပြုလုပ်နေရသည့်အတွက်  ငွေကျပ်သိန်းနှစ်ဆယ်ခန့်ထိ ကုန်ကျနေပြီဖြစ်ကြောင်း နောက်ထပ်အမျိုးသားတစ်ဦးကပြောသည်။

“အခုက ပိုက်ဆံလည်းမရှိဆိုတော့ အိမ်တစ်ဆောင်လုံး ဖျက်ပြီး လုပ်နေရတယ်။ မရှိတဲ့ကြားထဲက ငွေတွေကို ဘယ်ကရှာရမှန်းတောင်မသိဘူး။ အိမ်တစ်ဆောင်ဆောက်ဖို့က သိန်းနှစ်ဆယ်လောက်နဲ့တောင် ဆုံးမှာမဟုတ်ဘူး။ သူတို့လာတဲ့နေ့က ဝါကျွတ်လောက်အောင်ထိ သည်းညည်းခံပေးပါလို့ ကျွန်တော်ကပြောတော့ မရဘူးတဲ့။ အခုဖြိုတဲ့။ ခင်ဗျားတို့မဖြိုရင် ငါတို့အကုန်လုံး ဖျက်စီးပစ်လိုက်မယ်လို့တောင်ပြောတယ်။ အခုဆို အခုဖြိုဆိုလို့ ချက်ချင်းအဲနေ့ကနေ စဖြိုနေကြရတာ“ဟု သူကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လကလည်း စစ်တွေမြို့ စစ်တွေဘူတာနှင့် စစ်တွေတက္ကသိုလ်ကြားရှိ ကျူးကျော်နေအိမ် ၇၀ ကျော်ခန့်ကို ဌာနဆိုင်ရာများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ စုစုပေါင်းအင်အား ၁၀၀ ခန့်ဖြင့် ဖယ်ရှားခဲ့ကာ ထိုအထဲမှ နေအိမ်ဖယ်ရှားခံခဲ့ရသည့် အမျိုးသမီးတစ်ဦးမှာ အဆိပ်သောက်ကာ  မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့သည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...