ဘူးသီးတောင် သပိတ်တောင်ရွာသား (၆) ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး၊ မိသားစုနှင့်အဆက်အသွယ်မရ

ဘူးသီးတောင် သပိတ်တောင်ရွာသား (၆) ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး၊ မိသားစုနှင့်အဆက်အသွယ်မရ
ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာမှ ဖမ်းဆီးခံထားရသူများထဲမှ ကိုညွန့်ဝင်း (မျက်မှန်) နှင့် ကိုရွှေထွန်းတို့ဖြစ်သည်။
ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာမှ ဖမ်းဆီးခံထားရသူများထဲမှ ကိုညွန့်ဝင်း (မျက်မှန်) နှင့် ကိုရွှေထွန်းတို့ဖြစ်သည်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာသား (၆) ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ တစ်စုံတစ်ရာအဆက်အသွယ်မရသေးသည့်အတွက် မိသားစုများကစိုးရိမ်နေကြသည်။

ဖမ်းဆီးခံရသူများမှာ ကိုညွန့်ဝင်း (၃၅) နှစ်၊ ကိုရွှေထွန်း (၃၆) နှစ်၊ ကိုမောင်မြင့်ဝင်း (၃၇) နှစ်၊ မောင်ထွန်းသာလှ (၂၀) နှစ်၊ မောင်သန်းထွန်းအောင် (၁၆) နှစ်နှင့် ကိုမောင်ဖြူ (၃၇) နှစ်တို့ဖြစ်ပြီး ၎င်းတို့ကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်က ဘုန်းတော်ကြီးကျောင်းကနေ ကြိုးတုပ်ချည်နှောင်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုမောင်မြင့်ဝင်း၏ ဇနီးဖြစ်သူ မဦးလှမေက DMG သို့ပြောသည်။

“အဲဒီနေ့က လက်နက်ကြီးတွေပစ်တော့ ရွာသားတွေက ထွက်ပြေးသွားကြတယ်။ ကျမတို့က ရွာမှာပိတ်မိပြီး ကျန်ခဲ့တယ်။ သူတို့က ကျမတို့ကို ဘုန်းကြီး ကျောင်းကို ခေါ်ပြီးတော့စစ်တယ်။ မိန်းမတွေနဲ့ ရွာကအသက်ကြီးအပိုင်းတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ကျမအိမ်ရှင်နဲ့အတူ နောက် ၅ ယောက်ကို စစ်သားတွေက ကြိုးနဲ့ချည်းပြီးတော့ဖမ်းသွားတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာသား ၆ ဦးကို ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအနီး မြန်မာစစ်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းအခြေချနေထိုင်သည့် နခခ (၈) မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်မှုရှိကြောင်း ကိုညွန့်ဝင်း၏ ဇနီးဖြစ်သူ မခင်စိုးသန်းကပြောသည်။

“ကျမ ခင်ပွန်းက ရွာမှာလက်လုပ်လက်စား လုပ်နေတာပါ။ အခု ဘယ်လိုရှိနေမလဲဆိုတာ မသိရဘူး။ ဘာဖြစ်လို့ ဖမ်းသွားလဲဆိုတာကိုလည်း ကျမတို့မသိဘူး။ နခခ (၈) မှာ ဖမ်းထားတယ်လို့ လည်း ပြောသံကြားတယ်။ ဒါပေမယ့် တစ်ယောက်မသွားရဲကြဘူး။ ကျမမှာ သမီး ၂ ယောက်ရှိတယ်။ သူ့ကိုပဲ အားကိုးပြီးတော့ စားသောက်နေရတာ။ သူတို့မှာ ဘာမှအပြစ်မရှိတော့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်”ဟု မခင်စိုးသန်းကဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် မောင်ထွန်းသာလှနှင့် မောင်သန်းထွန်းအောင်တို့နှစ်ဦးမှာ ညီအစ်ကိုဖြစ်ပြီး မောင်ထွန်းသာလှဆိုသူမှာ စိတ်မနှံ့သူဖြစ်သဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဖခင်ဖြစ်သူ ဦးသာထွန်းတင်က ပြောသည်။

“အဲဒီနေ့က ကျနော်ရွာမှာ အိမ်သုံးဆောင်မီးရှို့ခံလိုက်ရပြီး ကျနော့်နေအိမ်လည်း ပါသွားတယ်။ နောက်ပြီးတော့ သားနှစ်ယောက်လည်း အဖမ်းခံလိုက်ရတယ်။ သားနှစ်ယောက်မှာ သားတစ်ယောက်က စိတ်မနှံ့ဘူး။ ကျနော်တို့ကို ပြန်လွှတ်ပေးပြီးတော့ ခင်ဗျားတို့ သွားချင်တဲ့နေရာကိုသွား။ ရွာကိုတော့ ပြန်မလာနဲ့လို့ပြောတယ်။ အခုသားနှစ်ယောက်က ဘယ်မှာရှိနေမှန်းမသိဘူး။ အသက်ရှင်လို့တောင် ရှိသေးရဲ့လားလို့တောင် ထင်မိပါတယ်။ သူတို့မှာ ဘာမှအပြစ်မရှိပါဘူး”ဟု ၎င်းကဆိုသည်။

သပိတ်တောင်ကျေးရွာသား ၆ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ သပိတ်တောင်ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော်ရှိကာ လက်ရှိမှာ ရွာသားများသည် ဘူးသီးတောင်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေကြပြီး ကျေးရွာအတွင်း၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များရှိနေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာလည်း များပြားလာနေသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လမှ ယခု စက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးလကျော်ကာလအတွင်း မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိပြီး ယင်းအထဲမှ တချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း လူဦးရေ ၆၀ ကျော်မှာ ယနေ့အချိန်ထိ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးသည်။ လက်ရှိတွင်လည်း ဖမ်းဆီးခံရသူများထပ်တိုးလာကာ DMG အနေဖြင့် အသေးစိတ်စာရင်းကို ကောက်ခံနေဆဲဖြစ်သည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...