ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ တစ်နေ့ထက် တစ်နေ့ပြင်းထန်လာနေပြီး ယမန်နေ့ စက်တင်ဘာ ၂၂ ရက်ကလည်း နံ့သာတောင်ကျေးရွာနှင့် ကပ်ရပ်တည်ရှိသည့် ကွမ်းသီးပင်ရွာအနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် နံ့သာတောင်ပရဟိတကျောင်းအား ရက်ပိုင်းအတွင်း မောင်တောသို့ပြောင်းရွှေ့ရမည့် အနေအထားသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
အဆိုပါကျောင်းအား ရက်ပိုင်းအတွင်းပြောင်းရွှေ့ပေးရန် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်က စစ်တပ်အရာရှိအချို့က ကျောင်းသို့လာရောက်ပြောဆိုခဲ့မှုများလည်း ရှိခဲ့သည်ဟု နံ့သာတောင်ပရဟိတကျောင်းရှိ ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ကျနော် နေ့လယ်ဘက်က နံ့သာတောင်က ဆရာတစ်ယောက်နဲ့ ဖုန်းတစ်ခေါက်ဆက်လို့ရခဲ့ပါတယ်။ သူပြောခဲ့တာက ဆရာတော်ကြီးကလည်း အဲဒီနေရာကို ပစ်မထားခဲ့ချင်ဘူး။ ပြီးတော့ အခြေအနေလည်း မကောင်းဘူး။ Warning (သတိပေးချက်) တွေလည်း ပေးတယ်တဲ့။ ထွက်သွားတော့ ဆိုပြီးတော့ သတိပေးတယ်တဲ့။ မနေ့ကနေ ကျောင်းကိုလာပြီး ဒကစတပ်က နည်းနည်း ဆုတ်ပေးဖို့နဲ့ ။ ဒီနေရာမှာမနေနဲ့တော့ ဆိုပြီး။ ဆရာတော်ကြီးက နာမည်ကြီးဆရာတော်ကြီးဆိုတော့ နည်းနည်း ကြမ်းကြမ်းလည်း မလုပ်ရဲဘူးထင်တယ်။ ပုံစံတကျလေးနဲ့ လာပြောတာထင်ပါတယ်"ဟု ပြောသည်။
အဆိုပါနံ့သာတောင်ကျေးရွာတွင် ရွာသားရွာသားအချို့နှင့် နံ့သာတောင်ပရဟိတကျောင်းရှိ ဆရာတော်ကြီးအပါအဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၅၀၀ ကျော် ရှိကြောင်း သိရသည်။

ယင်းကျောင်းတွင် နဂိုက ရှိပြီးသား ဆရာ၊ ဆရာမများအပါအဝင် နံ့သာတောင်ကျေးရွာအနီးရှိ တောင်ပြိုနှင့် အခြားကျေးရွာအချို့မှ တာဝန်ကျနေသော ဆရာ၊ ဆရာမများလည်း ဝင်ရောက် ပြသလျက်ရှိနေကြသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး နံ့သာတောင်ဆရာတော်ကြီးနှင့် ဆရာ၊ ဆရာမများကို နိရဉ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ယင်းဘက်နယ်တဝိုက်တွင် ဖုန်းလိုင်းမကောင်း၍ အဆက်အသွယ်မရခဲ့ပါ။
နောက်ထပ် မောင်တောမြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကလည်း နံ့သာတောင်ပရဟိတကျောင်းကို စစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပြောင်းရွှေ့ခိုင်းထားသည်ဟု သတင်းကြားကြောင်း နိရဉ္စရာကိုပြောသည်။
"အဲဒီဘက်တွေမှာ တိုက်ပွဲတွေပြင်းထန်နေလို့ အခုလို ပြောင်းရွှေ့ခိုင်းတာဖြစ်မယ်။ မနေ့ကလည်း အဲဒီနား ကွမ်းသီးပင်ကျေးရွာအနားမှာ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဘက်က အကျအဆုံးတွေလည်း များတယ်လို့ ပြောကြတယ်"ဟု ပြောသည်။
နံ့သာတောင်ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများနှင့် ကျေးရွာသားများသည် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်ပြီး အနီးဝန်းကျင်တွင် နံ့သာတောင်ရွာနှင့် ပရဟိတကျောင်း တစ်ကျောင်းတည်းသာ ကျန်ရှိတော့ကြောင်း သိရသည်။
နံ့သာတောင်ကျေးရွာအနီးရှိ နံ့သာတောင်နယ်ခြားစောင့်ရဲစခန်းကိုလည်း သြဂုတ်လအတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက် ရုပ်သိမ်းသွားပြီဖြစ်ကာ ယင်းနေရာတွင် စစ်တပ်က အစားထိုးနေရာယူတပ်စွဲလျက်ရှိသည်ဟု သိရသည်။
နံ့သာတောင်ပရဟိတကျောင်းသည် ယခင် ၂ဝ၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့်လည်း မောင်တောမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေခဲ့ရဖူးသည်။
ဓာတ်ပုံ - နံ့သာတောင်ပရဟိတကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား တွေ့ရစဥ်။







