မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်

မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်
အသတ်ခံရသည့် မနွယ်သန္တာဝင်း၏ ဓာတ်ပုံကို ၎င်း၏ဈာပနအခမ်းအနားတွင် တွေ့ရစဉ်
အသတ်ခံရသည့် မနွယ်သန္တာဝင်း၏ ဓာတ်ပုံကို ၎င်း၏ဈာပနအခမ်းအနားတွင် တွေ့ရစဉ်

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသည့် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ၏ ဒေသတရားရုံးတစ်ခုတွင် စက်တင်ဘာလ ၂၂ ရက်နေ့က လူသတ်မှုဥပဒေပုဒ်မ- ၃၀၂ ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် ဩဂုတ်လ ၁၅ ရက်နေ့က ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ “Luminous/Livguard” ပလက်စတစ် ပစ္စည်းနှင့် လူသုံးကုန် အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုနှင့်ပတ်သက်ပြီး သံသယရှိသူအဖြစ် ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးကာ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

“အမှုတည်ဆောာက်တဲ့အဖွဲ့က အမှုတည်ဆောက်ပြီးလို့ တရားစွဲတင်ပေးလိုက်တယ်။ တရားခွင်မှာတော့ မစစ်ဆေးသေးပါဘူး။စွပ်စွဲခံရတဲ့တရားခံက ကိုမျိုးမြင့်ဇော်တစ်ယောက်တည်းပါ”ဟု ဒေသတရားရုံးနှင့် နီးစပ်သည့် ဥပဒေသမားတစ်ဦးက DMG ကိုပြောသည်။

လက်ရှိတွင် လူသတ်မှုနှင့်ပတ်သက်ပြီး သံသယရှိသူထံမှ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်များနှင့် ဝန်ခံချက်များကိုလည်း ရရှိထားပြီဖြစ်ကြောင်း၊ သက်သေအထောက် အထားများကို စနစ်တကျ မှန်မှန်ကန်ကန်စုစည်းပြီး တရားရုံးလုပ်ထုံး လုပ်နည်းနှင့်အညီ တိတိကျကျဆောင်ရွက်သွားမည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက စက်တင်ဘာလ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုလည်း တိတိကျကျပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ဖြေကြားလိုပါတယ်”ဟု ၎င်းကဆိုသည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့မရဲစခန်းကလည်း စုံစမ်းစစ်ဆေးနေပြီး အသက် ၁၉ နှစ်အရွယ် မောင်မျိုးချစ်စိုးဆိုသူကို သံသယဖြင့် ဖမ်းဆီးထားပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

၎င်းသည် မနွယ်သန္တာဝင်း အလုပ်လုပ်ကိုင်နေသည့်ဆိုင်နှင့် ဘေးချင်းကပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Most read this week

July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...