စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် လောင်းလုံးဒေသခံ ၆ ဦးကို ထားဝယ်အကျဉ်းထောင်က အပြစ်မရှိဟု အမိန့်ချ၍ ပြန်လွတ်ပေး

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် လောင်းလုံးဒေသခံ ၆ ဦးကို ထားဝယ်အကျဉ်းထောင်က အပြစ်မရှိဟု အမိန့်ချ၍ ပြန်လွတ်ပေး

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံများအနက် ခြောက်ဦးကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ ထောင်တွင်းတရားရုံးက အပြစ်မရှိကြောင်း အမိန့်ချမှတ်၍ စက်တင်ဘာလ ၁၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- လောင်းလုံးမြို့နယ်ထံက သိရသည်။

ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများမှာ လောင်းလုံးမြို့နယ်ရှိ ညင်းမော်နှင့် တီဇင်ရွာတို့မှ ဦးဇော်၊ ဦးတင်သန်း၊ ကိုချမ်း၊ ကိုဝင်းပိုင်၊ ဦးဆန်းသားနှင့် ဒေါ်ချိုတို့ ခြောက်ဦးဖြစ်ပြီး ၎င်းတို့သည် ထားဝယ်အကျဉ်းထောင်အတွင်း သုံးလခန့် အမှုရင်ဆိုင်ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့- လောင်းလုံးမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက“လောင်းလုံးမှာက ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေက ၅၀ ကျော်လောက် ရှိပါတယ်။ တကယ်လည်း ဘာမှ အပြစ်မရှိဘဲ ဖမ်းဆီးခံထားရတဲ့ သူတွေပါ ။အခု အပြစ်မရှိလို့ ခြောက်ဦးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

၎င်းတို့ကို ထားဝယ်အကျဉ်းထောင်မှ အပြစ်မရှိကြောင်းထင်ရှား၍ တရားသေအပြီးတိုင် လွှတ်ပေးခဲ့ကြောင်း ထောင်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

"သူတို့က သာမန် ရွာသူရွာသားတွေ ဖြစ်ပါတယ် ။အပြစ်မရှိဘဲ သုံးလလောက် ထောင်ထဲမှာ ချုပ်ခံထားရတဲ့ သူတွေပါ ။ တရားရုံးက အပြစ် မရှိဘူးလို့ အမိန့်ချပြီးမှ ပြန်လွှတ်ပေး လိုက်တာပါ"ဟု လောင်းလုံး ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသူများမှာ ပြီးခဲ့သည့် ဇွန်လအတွင်းက ဖမ်းဆီးခံရသူများ ဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...