ရခိုင် ၆ မြို့နယ်သို့အန်ဂျီအိုများသွားလာထောက်ပံ့ခွင့်ကို စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီပိတ်ပင်

ရခိုင် ၆ မြို့နယ်သို့အန်ဂျီအိုများသွားလာထောက်ပံ့ခွင့်ကို စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီပိတ်ပင်

ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များ ပေးနေသည့် NGO ၊ INGO များကို ရခိုင်ရှိ မြို့နယ် ၆ မြို့နယ်သို့ သွားလာ ထောက်ပံ့ခွင့်ကို စက်တင်ဘာ ၁၆ ရက်နေ့က စပြီး စစ်ကောင်စီက ပိတ်ပင် လိုက်ပြီဟု သိရသည်။

အဆိုပါ NGO ၊ INGO များကို ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံစသည့် မြို့နယ် ၆ ခုသို့ မနက်ဖြန်မှစတင်ကာ သွားလာခွင့် ကန့်သတ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု NGO ၊ INGO အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ဒါက မနက်ဖြန်ကနေစမယ်ထင်ပါတယ်။ ဒီကနေ့တော့ အကြောင်းကြားတဲ့ ပုံစံမျိုးပါ။ အဲဒီ ၆ မြို့နယ်မှာ ကျနော်တို့ စားနပ်ရိက္ခာတွေနဲ့ လူသုံး ကုန်ပစ္စည်းတွေကို သွားရောက် ထောက်ပံ့လို့မရတော့ဘူးဆိုတဲ့ သဘောပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် အကြောင်း ကြားလာခြင်းဖြစ်ပြီး မည်သည့်ကာလအထိ ပိတ်သွားမည်ဆိုသည်ကို မသိရဟုလည်း NGO ၊ INGO အသိုင်းအဝိုင်းက ပြောသည်။

NGO ၊ INGO များသည် အဆိုပါ ၆ မြို့နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင် စခန်းများနှင့် မူဆလင်ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာများနှင့် လူသုံးပစ္စည်းများကို ထောက်ပံ့နေကြခြင်းဖြစ်ရာ ယခုကဲ့သို့ သွားလာ ထောက်ပံ့ခြင်းပိတ်ပင်ခံလိုက်ရသည့်အတွက် ပိုပြီး အခက်အခဲ ကျရောက်သွားနိုင်သည်ဟု ၎င်းက ပြောသည်။

“အစကနေလည်း ကျွန်နော်တို့က တချို့နေရာတွေမှာလည်း သွားခွင့်မရဘူး။ သွားခွင့်ရတဲ့ နေရာတွေကိုလည်း အဲလိုထပ်ပြီး သွားခွင့်မရဆိုတော့ သူတို့တွေအတွက် ပိုပြီးတော့ အခက်အခဲဖြစ်ကြမယ်ပေါ့”ဟု ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များကို စားနပ်ရိက္ခာများ ထောက်ပံ့တတ်ပြီး ကျန် NGO နှင့် INGO အဖွဲ့များမှာ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးတတ်သည်ဟု ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက နိရဥ္စရာကိုပြောသည်။

ယခုကဲ့သို့ NGO၊ INGO များကို လာရောက်ထောက်ပံ့ခွင့် ပိတ်ပင်လိုက်သည့် အတွက် ၄င်းတို့စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၄ဝဝ ကျော်သည် အခက်အခဲအလွန်တရာဖြစ်သွားမည်ဟု ပြောသည်။

“အထောက်အပံ့ပေးတဲ့အဖွဲ့အစည်းတွေကို သွားလာခွင့်မပိတ်ဘဲနဲ့ ခွင့်ပြုဖို့ရယ်၊ ပြီးတော့ သူတို့ကို သွားလာခွင့်မပေးဘူးဆိုရင်လည်း အစိုးရက၊ လူ/ကယ်/ပြန်က လစဉ် ဆန်ပေးမယ်ဆိုလည်း အဆင်ပြေမယ်။ အခုက သူတို့လည်း မပေးဘူး။ ပေးတဲ့သူတွေကိုလည်း ပိတ်ပင်ဆိုတော့ အဆင်မပြေဘူးလေ”ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် စစ်ကောင်စီလက်အောက်ခံ လူ/ကယ်/ပြန်ဌာနက ထောက်ပံ့သည့်ဆန်ရိက္ခာမရရှိသည်မှာ ၅ လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး WFP က လူတစ်ဦးလျှင် တစ်လစာထောက်ပံ့ငွေ ကျပ် ၁ သောင်း ၈ ထောင်ဖြင့် ညှာတာသုံးစွဲနေကြရသည်ဟု ဆိုသည်။

ရခိုင်ဒေသတွင်း သွားလာနေကြသည့် ရေယာဉ်များနှင့်ကားများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ရေးအတွက်အသုံးပြုလာနေသည့်အတွက် ယနေ့မှ စတင်ကာ တားဆီးစစ်ဆေးတော့မည်ဟု ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်လိုက်ပြီးနောက် ရခိုင်ဒေသတွင်းပြေးဆွဲနေကြသည့် ရေကြောင်း ခရီးစဉ်များအားလုံး ပြေးဆွဲခြင်း မပြုကြရန် စစ်ကောင်စီကလည်း တားမြစ်ပိတ်လိုက်သည်။

ယင်းအပြင် ယခုကဲ့သို့ NGO ၊ INGO များ သွားလာခွင့်ကိုလည်း စစ်ကောင်စီက ထပ်မံတားမြစ်ပိတ်ပင်လာခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အဆင့် ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းတို့အား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...