တိုင်းပြည်အာဏာကို သိမ်းထားသော စစ်ကောင်စီသည် ရခိုင်လူထုကို လူမျိုးရေးအရ အငြိုးအတေးထားပြီး ဒုက္ခရောက်အောင်နည်းမျိုးစုံနှင့် နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူများ အသုံးပြုနေသည့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို အချိန်ကြာကြီး ကန့်သတ် ပိတ်ပင်ထားသည့် အပြင် အများပြည်သူ အသုံးပြုနေသော ခရီးသွား ရေလမ်းကြောင်းများကိုလည်း တိုက်ပွဲဖြစ်ပွားမှုနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှု မရှိဘဲ ရက်အကန့်အသတ်မရှိပိတ်ထားကာ ရခိုင်လူထုကို ဒုက္ခမျိုးစုံ ရောက်အောင် ပြုလုပ်နေသည်ဟု မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။
“ အခု မြောက်ဦးနဲ့ စစ်တွေ ရေကြောင်းလမ်းကို ပိတ်ထားတာ ၁၇ ရက် ရှိလာပြီ။ ရေလမ်းကို အဓိက အားကိုးသွားလာနေရတဲ့ ပြည်သူတွေအခုလို ပိတ်ထားတော့ သွားလာရေး အထူးအခက်အခဲ ဖြစ်နေတယ်။ ကျန်းမာရေး၊ စီးပွားရေးအကုန်လုံးထိခိုက်နေတယ်။ တစ်ရက်နှစ်ရက်ဆိုတော့ ဟုတ်သေးတယ်။ အခု လဝက်ကျော်သွားပြီ။ ဒီလိုလုပ်တာက လူမျိုးရေးအရ လုပ်နေတာ။ မင်းတို့ကို ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး အငြိုးအတေးနဲ့ ဒုက္ခဖြစ်အောင် နှိပ်စက်နေတာ” ဟု ပြောဆိုသည်။
စစ်တွေ-မြောက်ဦးရေကြောင်းလမ်းသည် အသွားအလာများသည့် ရေလမ်းကြောင်းဖြစ်ပြီး ၎င်းရေလမ်းခရီးကို စစ်တပ်က ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်မှစတင်ကာ ယာယီပိတ်ခိုင်းထားခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၅ ရက် ရောက်လာသည့် အချိန်ထိ ပြန်ဖွင့်မပေးသေးဟု သိရသည်။
အဆိုပါ ရေလမ်းခရီးနှင့် ပတ်သက်ပြီး ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယခုအချိန်ထိ ၎င်းရေလမ်းကြောင်းကို ဖွင့်ရန် အကြောင်းမကြားလာသေးဟု ပြောဆိုသည်။
"သူတို့က ဖွင့်မယ်ဆိုရင် အကြောင်းကြားမယ်ပြောတယ်။ အခု အကြောင်းမကြားသေးတော့ မဖွင့်ရသေးဘူး။ လုပ်ငန်းတစ်ခုမှာတော့ လည်ပတ်မှုအားနည်းရင် နစ်နာမှုတော့ရှိတယ်ပေါ့လေ" ဟုပြောသည်။
လက်ရှိ အချိန်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့၏ စစ်ရေးအခြေအနေ တင်းမာနေမှုကြောင့် ကားလမ်းခရီးထက် ရေကြောင်းခရီးက ပိုမိုလုံခြုံသဖြင့် ရခိုင် ပြည်သူများအနေဖြင့် ရေလမ်းကို အဓိကအားထား သွားလာနေကြချိန်တွင် ရေလမ်းကြောင်းကို အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ပိတ်ထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရေကြောင်းလမ်းကို ပိတ်ထားသည့်အတွက် စစ်တွေသို့ ကျန်းမာရေး ကိစ္စဖြင့်သော်လည်းကောင်း၊ စီးပွားရေးကိစ္စဖြင့်သော်လည်းကောင်း သွားရမည်ဆိုလျှင်လည်း တိုက်ပွဲဖြစ်နေသည့် နေရာများကို ကားဖြင့် ဖြတ်သန်းသွားနေရ၍ စိုးရိမ်စရာဖြစ်နေရသည်ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
"အခက်အခဲကတော့ စိတ်မလုံခြုံဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတယ်။ ကားလမ်းက သွားတယ်ဆိုရင် ကိုယ့်အတွက် မလုံခြုံဘူး။ ရောက်တဲ့ စစ်ဆေးရေးဂိတ်တွေမှာ အမြဲတမ်း စစ်ဆေးနေတယ်ဆိုတော့ ကိုယ့်မှာအပြစ်မရှိရင်လည်း စိုးရိမ်ရတယ်။ တစ်ခါတစ်ခါ ထင်ယောင် ထင်မှားဖြစ်ပြီးတော့ ဖမ်းသွားတာတွေလည်း ကြားရတယ်ပေါ့။ အဲလိုမျိုးတွေမှာ ကိုယ်ကမပါချင်ဘူး။ စိုးရိမ်တယ်။ သွားတိုင်းတော့ အခက်အခဲဖြစ်တာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ကထွက်တည်းက စိတ်မချမ်းသာဘူး။ အခက်အခဲများဖြစ်မလားဆိုပြီး စိုးရိမ်စိတ်က အမြဲတမ်းရှိတယ် " ဟုပြောသည်။
အများစု ပြည်သူများမှာ ကိုယ့်စီးပွားရေး ကိုယ်လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်ပြီး မသက်ဆိုင်သူ ပြည်သူများ၏ ဘ၀ကို ထိခိုက်နေ၍ စစ်တွေ-မြောက်ဦးရေကြောင်းလိုင်းကိုဖွင့်ပေးစေချင်သည်ဟု သူကဆက်ပြောသည်။
"ကျနော်တို့ကတော့ ရွှေပြည်တန်တို့၊ မြောက်ဦးရေကြောင်းလိုင်းတွေကို ဖွင့်ပေးစေချင်တယ်။ သွားရလာရ လွယ်ကူတယ်။ စိတ်ချမ်းသာတယ်။ ကားနဲ့သွားရင်တော့ အိမ်ကထွက်ကတည်းက ငါ့ကိုများဖမ်းမလားဆိုပြီး စိုးရိမ်နေတယ်" ဟု ပြောသည်။
အဆိုပါ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းနှင့် နေ့စဉ် လူ ၁၀၀ ခန့် လိုက်ပါစီးနင်းနေကြပြီး စစ်ရေးအခြေအနေများကြောင့် စစ်တွေ-မြောက်ဦး ခရီးသွားလာရေးတွင် ဒေသခံများမှာ ကုန်းလမ်းထက် ရေကြောင်းခရီးကို အဓိကထား သွားလာနေကြခြင်းဖြစ်သည်။
နောက်ထပ်မြောက်ဦးဒေသခံတစ်ဦးကလည်း "ကျနော်တို့အနေနဲ့တော့ ရေကြောင်းကိုလည်း ဖွင့်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကုန်စည်စီးဆင်းမှုကကျတော့ ကားထက် ရေကြောင်းဆိုရင် အများကြီးမြန်ဆန်မှု၊ သယ်ယူပို့ဆောင်မှုများပြားပါတယ်။ အဲဒီအတွက်ကြောင့် ရေကြောင်းကိုလည်း ဖွင့်ပေးစေချင်ပါတယ်။ ဒါမှ ကျနော်တို့ ဒေသခံတွေအတွက် အများကြီးအကျိုးရှိပါမယ်" ဟုပြောသည်။
မြောက်ဦးမြို့နယ်အတွင်း သြဂုတ်လ ၂၈ ရက် ညနေ ၄ နာရီကျော်က မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ နှင့် ၅၄၀ တပ်ရင်းတို့က ကင်းဆိပ် ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်းနှင့် နောက်ထပ် လူ ၂ ဦးသေဆုံးခဲ့သည်။
ယင်းနေ့အပြီး နောက်တစ်ရက်ဖြစ်သည့် သြဂုတ်လ ၂၉ ရက်မှ စတင်ကာ ယနေ့ စက်တင်ဘာ ၁၅ ရက်အထိ ၁၇ ရက်တိုင်တိုင် စစ်တွေ-မြောက်ဦးရေကြောင်းလိုင်းကို စစ်ကောင်စီက ယာယီပိတ်ထားခြင်းဖြစ်သည်။
၎င်းပြင် လူသွားလူလာများသည့် စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် အမြန်ရေယာဉ်လိုင်းနှင့် စစ်တွေ-ပေါက်တော-မင်းပြား အမြန်ရေယာဉ်လိုင်း များကိုလည်း ယနေ့မှ စပြီး စစ်ကောင်စီက အကန့်အသတ်မရှိ ထပ်မံ ပိတ်ထားလိုက်သည်ဟု သိရှိရသည်။







