မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ သိန်း ၃၈၀ အသုံးပြုပြီးဟုဆို

မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ သိန်း ၃၈၀ အသုံးပြုပြီးဟုဆို

မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရာတွင် အသုံးပြုခဲ့သော ငွေကြေးပမာဏာမှာ ရူပီးငွေ သိန်း ၃၈၀ ရှိပြီဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး Pu Lalchamliana ကပြောသည်။

စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြလုပ်သော မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မြန်မာစစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့အထိ အစိုးရစာရင်းမှတ်တမ်းအရ လူဦးရေ ၂၉၂၅၃ ဦးရှိပြီး ၎င်းတို့အတွက် အစိုးရအနေဖြင့် သိန်း ၃၈၀ (ကျပ်ငွေ သိန်းတစ်သောင်းသုံးထောင်ခန့်) အသုံးပြုခဲ့ပြီဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။

စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်များ၊ ဆေးဝါးနှင့် ကုသမှုဆိုင်ရာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် စစ်ဘေးရှောင်များအနက် လွှတ်တော်အမတ်များ ကူညီထောက်ပံ့ရေးတို့တွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်အများစုမှာ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးရှိ စစ်ဘေးရှောင်စခန်း (Refugee Camp) မှာ နေရာချထားကြပြီး တချိူ့မှာလည်း ၎င်းတို့၏ ဆွေမျိုးများထံ နေထိုင်ကြသကဲ့သို့ အချိူ့မှာလည်း ရပ်ကွက်၊ ကျေးရွာအတွင်း အိမ်ငှါး၍ နေထိုင်ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ Hight Level Committee on Myanmar Refugees ၏ ဆုံးဖြတ်ချက်အရ မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား စနစ်တကျ စာရင်းရရှိနိုင်ရေးအတွက် ဒုက္ခသည်အသိမှတ်ပြုကဒ် ထုတ်ပေးလျှက်ရှိပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်အားလုံးနီးပါးကို ထုတ်ပေးနိုင်ခဲ့ပြီဟု ဝန်ကြီးကဆိုသည်။

ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအနက် နေရပ်ပြန်သွားကြသူများရှိသကဲ့သို့ ထပ်မံဝင်ရောက်လာသူများလည်း အချိန်တိုင်းရှိနေသည့်အတွက် တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် စာရင်းများပြုစုသည့်လုပ်ငန်းများ လုပ်ဆောင်နေရသည်ဟု ဝန်ကြီးက ဆက်ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းတချိူ့၏ စာရင်းအရတော့ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူဦးရေသည် ၄ သောင်းခန့်ရှိနိုင်ပြီဟု ခန့်မှန်းထားကြသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...