KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက PPST ဦးဆောင်နာယက အဖြစ်မှ ၎င်းကိုယ်တိုင် ပြန်လည်ရုပ်သိမ်း

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက PPST ဦးဆောင်နာယက အဖြစ်မှ ၎င်းကိုယ်တိုင် ပြန်လည်ရုပ်သိမ်း
Photo - Karen News
Photo - Karen News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ဦးဆောင်နာယကအဖြစ် တာဝန်ယူလက်ခံထားသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ဩဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ရုပ်သိမ်းကြောင်း PPSTကို အကြောင်းကြားစာ ပြန်ထားသည့် စာအရ သိရသည်။

“ထူးခြားတော့မရှိပါဘူး၊ သူ့စာထဲမှာရှင်းနေတာပဲ၊ နံပတ် (၂) နဲ့  (၃) ကို သေချာဖတ်ရင်သဘောပေါက်ပါလိမ့်မယ်၊ အဲ့ဒါအတည်ပဲဖြစ်ပါတယ်” ဟု KNUပြောခွင့်ရ ပဒိုစောတောနီမှ ပြောသည်။

အဆိုပါ အကြောင်းကြားစာထဲ၌ နံပတ် (၂) တွင် ကျွန်တော်၏ ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အရ လွတ်လပ်စွာပါဝင်ရန် ပြန်ကြားစာ ပေးပို့ခဲ့သော်လည်း ဩဂုတ်လ ၃၁ရက်နေ့ရက်တွင် ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ကျွန်တော်သည် PPST ၏ နာယကအဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် နံပတ် (၃) တွင် KNU၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သော ကျွန်တော်သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNUက ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ “မူ”၊လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ် တာဝန်ယူရန်သဘောတူသည့် ပေးစာအား ပြန်လည်ရုတ်သိမ်းပါကြောင်း လေးစားစွာအကြောင်းပြန်အပ်ပါသည်ဟု ရေးထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင် အပစ်ခတ်ရပ် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်နာယကအဖြစ်တာဝန်ယူပေးရန် အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းမှ ပန်ကြားခြင်းအပေါ်  KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက လက်ခံကြောင်း ဩဂုတ် ၄ ရက်နေ့တွင် ပြန်လည်အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...