စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ သာယာကုန်းကျေးရွာက ဒေသခံအများစု နေရပ်မပြန်ရဲကြသေး

စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ သာယာကုန်းကျေးရွာက ဒေသခံအများစု နေရပ်မပြန်ရဲကြသေး

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့သည့် သာယာကုန်းကျေးရွာက ဒေသခံပြည်သူများသည် စစ်ဘေးတိမ်းရှောင်ရာမှ နေရပ်ပြန်လာသူ တချို့ရှိသော်လည်း အများစုမှာ နေရပ်မပြန်ရဲကြသေးကြောင်း သိရသည်။

သာယာကုန်းကျေးရွာမှ ဒေသခံပြည်သူအားလုံးသည် သြဂုတ်လဆန်းပိုင်းကဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ရွာသားအချိူ့မှာ နေရပ်သို့ ပြန်လည်နေထိုင်ကြပြီဟု သာယာကုန်းရွာသားတစ်ဦးကပြောသည်။ “ရွာဖက်ကိုတော့ ပြန်တဲ့သူကတော့ ၃ပုံ ၁ပုံလောက်ပဲပြန်တာ။ မိသားစုနဲ့ပြန်တာတော့နည်းတယ်။

မီးရှို့ခံရတဲ့ အိမ်တွေကတော့ အဆင်ပြေသလို မိုးကာတို့နဲ့ယာယီနေလို့ရအောင်နေထိုင်ကြတာ အိမ်ဆောက်ဖို့ကလည်း မလွယ်ဘူးလေ၊ အခုပြန်တဲ့သူတွေက အနည်းစုလောက်ပါပဲ” သာယာကုန်းကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

ကလေးနည်းပညာတက္ကသိုလ်အနီးတွင်တည်ရှိသော သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လဆန်းပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ ရွာထဲသို့တပ်စွဲကာ လူနေအိမ် ၅၁ လုံးကိုလည်း မီးရှို့ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် သာယာကုန်ကျေးရွာ ဒေသခံပြည်သူအားလုံးသည် နီးစပ်ရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုရက်ပိုင်းအတွင်း ယင်းဒေသတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုနည်းလာကာ တည်ငြိမ်စပြုလာသည့်အတွက် စစ်ဘေးရှောင်တိမ်းနေကြသော ရွာသား ၃ ပုံ တစ်ပုံခန့်မှာ နေရပ်သို့ ပြန်လည်နေထိုင်ကြသော်လည်း အများစုမှာမူ နေရပ်သို့ မပြန်ရဲကြသေးပေ။

သာယာကုန်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများကို ကလေးမြို့ပေါ်တွင်ရှိသော အရပ်ဖက်အဖွဲ့အစည်းများနှင့် အသင်းတော်အသီးသီးမှ ကူညီစောင့်ရှောက်ပေးသည့်အပြင် လက်ရှိ နေရပ်ပြန်ကြသော ပြည်သူများကို ပြည်ပရောက် သာယာကုန်းကျေးရွာသားများမှ ပူးပေါင်းဆောင်ရွက်လှူဒါန်းသည့် ငွေကြေးဖြင့် နေရပ်ပြန်စရိတ် ကူညီပံ့ပိုးခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့အထွက် မြို့သာနှင့် ထိုမာစစ်ဆေးရေးဂိတ်တို့တွင် လုံခြုံရေးတင်းကြပ်နေေသာကြောင့် သာယာကုန်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအတွက် စေတနာရှင်များလှူဒါန်းသော ပစ္စည်းနှင့် အဝတ်အထည်များ သွားရောက်ထောက်ပံ့ပေးရန် အခက်အခဲများ ကြုံနေရသည်ဟုလည်း သိရသည်။

သာယာကုန်းကျေးရွာသည် အိမ်ခြေ ၃၁၂ အိမ်၊ လူဦးရေ ၁၆၆၅ ဦးရှိကာ ချင်းလူမျိုး အများဆုံးနေထိုင်ကြပြီး လက်ရှိတွင် ပြည်သူအများစုမှာ ကလေးမြို့နှင့် ကျေးလက်ဒေသဘက်ရှိ ဆွေးမျိုးများထံဖြစ်စေ အိမ်ငှားဖြင့်ဖြစ်စေ စစ်ဘေးခိုလှုံနေကြရဆဲဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...