ချင်းပြည်နယ်က ကလေး မောင်နှမကို သတ်ဖြတ်မှုကို ဖုံးကွယ်ရန် သတင်းမှား ဖြန့်

ချင်းပြည်နယ်က ကလေး မောင်နှမကို သတ်ဖြတ်မှုကို ဖုံးကွယ်ရန် သတင်းမှား ဖြန့်

ချင်းပြည်နယ် ရိဒ်ခေါရ်ဒါမြို့နားရှိ ဟိုင်မွှာလ်ရွာသစ်က မောင်နှမ ၂ ဦးကို စစ်ဆေးရန် ခေါ်ယူစဉ် သေနတ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်ဆိုပြီး Nang Moh Moh Akari ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဩဂုတ်လ ၁၅ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။

ဒီလို ပစ်ခတ်ဖမ်းဆီးလိုက်ရတဲ့အတွက် အဲ့ဒီမောင်နှမ ၂ ဦးသေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကိုပါ သိမ်းယူရရှိခဲ့တယ်ဆိုပြီး ရေးသားထားတာပါ။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့  အဲဒီမောင်နှမ ၂ ဦးဟာ သာမန် ဒေသခံ ပြည်သူတွေသာဖြစ်ပြီး Nang Moh Moh Akari ပြောသလိုမျိုး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ မဟုတ်လို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက်နေ့မှာ ဟိုင်မွှာလ် ရွာသစ်ထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် အဖမ်းခံထားရတဲ့ ရွာသားတွေကို  ပြန်လွှတ်ပေးခဲ့ပေမယ့် အခု အသတ်ခံလိုက်ရတဲ့ မောင်နှမ ၂ ဦး ကိုတော့ ပြန်မလွှတ်ပေးပဲ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တာလို့ ဒေသခံတွေက ပြောပါ တယ်။

သတင်းဌာနတွေက ဒေသခံတွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မေးမြန်းပြီး ထုတ်လွှင့်ရေးသားထားတဲ့ သတင်းတွေထဲမှာဆိုရင်လည်း အဲဒီမောင်နှမ ၂ ယောက်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ခုခံလို့ ပစ်ခတ်ခံရ တယ် ဆိုတာမျိုးကို ပြောဆိုထားတာ မတွေ့ရပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်လိုက်တယ် ဆိုတာမျိုးကိုပဲ ပြောထားတာကို တွေ့ရပါတယ်။

ချင်းပြည်နယ် အခြေစိုက် ချင်းသတင်းဌာနဖြစ်တဲ့ Khonumthung သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3R77BL7 ဝင်ကြည့်လို့ရသလို Myanmar Now သတင်းဌာနက ရေးသားထားတဲ့ သတင်း ကို လည်း ဒီမှာ https://bit.ly/3R77E9L ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ Nang Moh Moh Akari က မြေပြင်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အမှန်နဲ့ ဆန့်ကျင်ပြီး လိမ်ညာရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရ ပါတယ်။

ဒီလိုနိုင်ငံရေး မတည်မငြိမ် ကာလမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေအပြင် လူထုကို ထိတ်လန့်တ ကြားဖြစ်စေမယ့် သတင်းအမှားတွေကိုလည်း ဖြန့်ဝေနေသူတွေရှိပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကို လည်း တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင် စီခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေကနေ သတင်း တွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ် ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...